နေပြည်တော် ယဉ်ကျေးလိမ္မာစင်တာတွင် စာသင်တိုက် အသီးသီးမှ ပရိယတ္တိစာသင်သား သံဃာတော်များ ဦးဆောင်ပါဝင်သည့် အလင်းပြ ကြယ် ဓမ္မကျောင်းတော် သင်ကြားရေးအဖွဲ့၏ နှစ်ပတ်လည် အလုပ်အမှုဆာင် အလုပ်ရုံဆွေးနွေးပွဲကို အောက်တိုဘာလ (၂၄)ရက်မှ (၂၆) ရက်နေ့ အထိ (၃) ရက်တိုင်တိုင် ကျင်းပခဲ့ပါသည်။
အလုပ်ရုံဆွေးနွေးပွဲ ကျင်းပရခြင်း၏ ရည်ရွယ်ချက်မှာ မြတ်စွာဘုရားရှင်၏ အဆုံးအမများ ကလေးသူငယ် လူရွယ်လူလတ်များ၏ ရင်တွင်း၌ ကိန်း အောင်းပြီး ယဉ်ကျေးလိမ္မာသူများ တိုးပွားလာစေရန်နှင့် နိုင်ငံတစ်ဝန်း ဒေသအသီးသီးတွင် နွေရာသီယဉ်ကျေးလိမ္မာသင်တန်းများ အောင်မြင်စွာ ဖွင့်လှစ်နိုင်ရေး၊ နွေရာသီသင်တန်းမှသည် တနင်္ဂနွေနေ့တိုင်း ပုံမှန် သင်ကြားပေးသော တနင်္ဂနွေဓမ္မကျောင်းတော်များ ဖွင့်လှစ်ကာ စဉ်ဆက် မပြတ် သင်ကြားနိုင်ရေးတို့အတွက် စီမံခန့်ခွဲရေးနှင့် သင်ကြားရေးဆိုင်ရာ လိုအပ်ချက်များကို နေပြည်တော်ယဉ်ကျေးလိမ္မာစင်တာမှ ဖြည့်ဆည်း ပေးနိုင်ရန် ရည်ရွယ်ချက်ဖြင့် ကျင်းပခြင်းဖြစ်ပါသည်။
ဤဆွေးနွေးပွဲသို့ အလင်းပြကြယ်ဓမ္မကျောင်းတော် သင်ကြားရေးအဖွဲ့၏ ဥက္ကဋ္ဌ အရှင်ဥတ္တမ (ဓမ္မာစရိယ၊ Diploma SEBA, LLB) နှင့် သံဃာတော် အပါး (၂၀) နှင့် လူပုဂ္ဂိုလ် (၂)ဦး တို့တက်ရောက်ခဲ့ပါသည်။
အလုပ်ရုံဆွေးနွေးပွဲတွင် မြန်မာနိုင်ငံလုံးဆိုင်ရာ ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာ ပြန့်ပွားရေး ဗဟိုအဖွဲ့၏ အတွင်းရေးမှူး၊ ရန်ကင်းတောရ ဆရာတော်က သြ၀ါဒချီးမြှင့်တော်မူပြီး၊ နွေရာသီယဉ်ကျေး လိမ္မာသင်တန်းမှ တနင်္ဂနွေဓမ္မကျောင်းတော်ဆီသို့ သင်ခန်းစာကို မြန်မာနိုင်ငံလုံးဆိုင်ရာ ဗုဒ္ဓဘာသာ ယဉ်ကျေးလိမ္မာ ပြန့်ပွားရေး ဗဟို အဖွဲ့ခွဲ(၁)၏ နာယကဆရာတော် ဦးစန္ဒိမာကလည်းကောင်း၊ အဖွဲ့အစည်းတစ်ရပ် ဖွဲ့စည်းခြင်း၊ကောင်းမွန်သော စီမံခန့်ခွဲမှုနှင့် အောင်မြင်သော ခေါင်းဆောင်မှုဆိုင်ရာ သင်ခန်းစာကို ဒုတိယ ညွှန်ကြားရေးမှူး(ငြိမ်း) ဦးကြည်တင်ကလည်းကောင်း၊ ၊ တနင်္ဂနွေ ဓမ္မကျာင်းတ်ာဖွင့်လှစ်ခြင်း နှင့် ရေရှည်တည်တံ့ရေးဆိုင်ရာ သင်ခန်းစာကို မြို့နယ်ပညာရေးမှူး(ငြိမ်း) ဆရာကြီးဦးအောင်မြင့် မှလည်းကောင်း၊ သင်ရိုး မာတိကာနှင့် အတန်းခွဲ သင်ကြားခြင်းဆိုင်ရာ သင်ခန်းစာကို ကျောင်းအုပ် ဆရာမကြီး(ငြိမ်း) ဒေါ်ခင်လင်းကလည်းကောင်း၊ အသီးသီး ဦးဆောင်ဆွေးနွေးပေး ကြပါသည်။
ခေါင်းစဉ်အလိုက် ဆွေးနွေးမှုများအပေါ် တက်ရောက်လာသူ သံဃာတော် များက မိမိတို့၏ နယ်မြေအတွေ့အကြုံများပေါ် အခြေခံ၍ စိတ်အား ထက်သန်စွာဖြင့် ပြန်လည်ဆွေးနွေး မေးမြန်းကြပါသည်။ ထို့အပြင် သင်ကြားရေးဆိုင်ရာမူဝါဒ ကလေးသူငယ်များ၏ နှလုံးသားထဲ ဗုဒ္ဓအဆုံး အမများ ထိမိပိုင်နိုင်စွာရောက်ရှိရေး နည်းဗျူဟာ၊ သင်တန်းများ နေရာ ဒေသအနှံ့ ရောက်ရှိဖွင့်လှစ်နိုင်ရေး၊ အဖွဲ့၏ကွန်ရက်စနစ်နှင့် မီဒီယာ အသုံးပြု ချိတ်ဆက်ဆောင်ရွက်ရေး တို့ကိုလည်း ဆွေးနွေးနိုင်ခဲ့ပါသည်။
တက်ရောက်လာသူ သံဃာတော်များ သည် ဆေးနွေးမှုများ ကြေညက်စွာ ဆောင်ရွက်ပြီးနောက် ဖော်ထုတ်ရရှိသော ဆွေးနွေးပွဲ ရလဒ်များအပေါ် အခြေပြု၍ လုပ်ငန်းစဉ် (၁၁)ရပ်ကို ချမှတ်နိုင်ခဲ့ပါသည်။ ချမှတ်ခဲ့သော လုပ်ငန်းစဉ်များအတိုင်း မဆုတ်မနစ်သော ဆန္ဒအား၊ ၀ီရိယအား၊ ပညာအား များဖြင့် လှုပ်ရှားဆောင်ရွက်ကြမည့် ပုံရိပ်ကို မှန်းဆ၍ မြင်ယောင်ကာ ကြည်နူးဝမ်းမြောက်ရပါသည်။
လုပ်ငန်းစဉ်များ(၁၁)ရပ်
၁။ နွေရာသီယဉ်ကျေးလိမ္မာ သင်တန်းမှသည် တနင်္ဂနွေဓမ္မကျောင်း တော်ဆီသို့ ပျိုး-တွဲ-လွှဲ စနစ်ဖြင့် ပိုမိုအောင်မြင်အောင် ဆောင်ရွက်ရန်။
၂။ စာသင်သားများ အချင်းချင်း ချိတ်ဆက်ခြင်းဖြင့် သင်တန်းများ ပိုမို ကျယ်ပြန့်စွာ ဖွင့်လှစ်ရန်။
၃။ နွေရာသီယဉ်ကျေးလိမ္မာ သင်တန်းဖွင့်ရာဒေသကို အခြေခံ၍ နေရာဒေသအနှံ့သို့ သင်တန်းများ ရောက်ရှိ သင်ကြားရေးကို ဆောင်ရွက်ရန်။
၎။ ထေရ၀ါဒစံကို မသွေဖီသော ခေတ်မှီသင်ကြားရေး နည်းစနစ်ကို အသုံးပြုရန်။
၅။ မိမိတို့သင်ကြားသည့် ကျေးရွာများတွင် ဓမ္မစာပေ၀ိုင်းများ၊ ဓမ္မစကြာဝတ်အသင်းများ၊ လူငယ်ပရဟိတ အဖွဲ့များ စသည်တို့မှ သင့်လျော်ရာ အဖွဲ့အစည်းတစ်ခုကို ဖွဲ့စည်းပေးရန်။
၆။ ထူးချွန်သော လုပ်အားပေးဆရာ၊မများကို ဓမ္မကျောင်းတော် ဗဟိုဋ္ဌာန၊ နည်းပြဆရာဖြစ်သင်တန်းသို့ ပို့ပေးရန်။
၇။ ပတ်ဝန်းကျင်ထိန်းသိမ်းရေး လုပ်ငန်းများကို မျိုးစေ့ချခဲ့ရန်။
၈။ ဘာသာရေးနှင့် အလှမ်းဝေးသော ဒေသများသို့ အဓိက ဦးစားပေး သွားရောက် သင်ကြား ဖွင့်လှစ်ပေးရန်။
၉။သင်တန်းဖွင့်လှစ်ရန်အတွက် တောင်းဆိုမှုများရှိလာပါက သင့်လျော်သာ သင်ကြားရေးဆရာများကို အဖွဲ့မှ ပို့လွှတ်သင်ကြားပေးရန်။
၁၀။ ညီနောင်အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်သွားကြရန် နှင့်
၁၁။ On line မီဒီယာကို စနစ်တကျ အသုံးပြုပြီး အပတ်စဉ် သတင်း အချက် အလက် များကို အင်တာနက် စာမျက်နှာတွင် အများသိရှိ ဗဟုသုတ တိုးပွားစေဖို့ ဖြန့်ဝေပေးရန် တို့  ဖြစ်ပါသည်။