ယဉ်ကျေးလိမ္မာပြီး နိုင်ငံ့ဂုဏ်ကို ဖော်ဆောင်ပေးမည့် သားကောင်း၊ သမီးမွန်များပေါ်ထွန်းလာစေရေးသင်တန်းဖွင့်လှစ်
ယနေ့မြန်မာနိုင်ငံကို ကမ္ဘာနှင့် ရင်ပေါင်တန်းနိုင်ရေးအတွက် နိုင်ငံ့ခေါင်းဆောင်ကြီးများက အဖက်ဖက်၌ အရှိန်အဟုန်ဖြင့်မြှင့်တင်နိုင်ရန် ကြိုးပမ်းလျှက်ရှိပါသည်။ အနာဂတ်မြန်မာနိုင်ငံ ဖွံ့ဖြိုး တိုးတက်ရေးအတွက် အခြေခံအကျဆုံးသော အရင်းအမြစ်မှာ ယနေ့လူငယ်များ ပင်ဖြစ်ပါသည်။ လူငယ်များ ကျောင်းပညာ မည်မျှပင်တော်နေပါစေ မြတ်ဗုဒ္ဓ၏ အဆုံးအမအပေါ် အခြေခံသည့် မြန်မာ့ ယဉ်ကျေးမှု အသိပညာမရှိပါက ရုပ်ဝတ္ထုပစ္စည်းများသာ တိုးတက်လာပါမည်။ မြန်မာလူမျိုးတို့၏ ချစ်စရာ ကာင်းသည့် ယဉ်ကျေးမှု၊ မြတ်နိုးတန်းဖိုးထားစရာကောင်းကောင်းသည့် စိတ်ဓာတ်များမှာ ထူးထူးခြားခြား တိုးတက်လာမည်မဟုတ်ပေ။ ကျောင်းသားများ၏ စိတ်ဓါတ်ကို ပြင်ဆင်ပေးနိုင်ခြင်းမရှိပါက နောင် အနာဂတ် မြန်မာနိုင်ငံအတွက် ရင်လေးစရာဖြစ်နေပေလိမ့်မည်။
မြန်မာလူမျိုးတို့၏ မြင့်မြတ်သောစိတ်ဓါတ်ဖြင့် နိုင်ငံ့ဂုဏ်ကိုဖော်ဆောင်ရာတွင် မြန်မာ့အားကစား သမားများသည် အရေးကြီးသော အခန်းကဏ္ဍတစ်ရပ်တွင် ပါဝင်နေပါသည်။ ထို့ကြောင့် နိုင်ငံတော် အစိုးရမှ နိုင်ငံအနှံ့အပြားတွင် အားကစားသိပ္ပံကျောင်းများကို ဖွင့်လှစ်ကာ ထူးချွန်သည့်ကျောင်းသား၊ ကျောင်းသူများကို နေပြည်တော် အားကစားကျေးရွာတွင် လူငယ်အားကစား သိပ္ပံကျောင်းဖွင့်လှစ်ပြီး စခန်းသွင်းလေ့ကျင့် ပေးလျှက်ရှိပါသည်။
အဆိုပါလူငယ်များ အောင်မြင်မှုရရှိနိုင်ရန်မှာ မြတ်ဗုဒ္ဓ၏ အဆုံးအမ တရားတော်များကို အခြေခံ၍ အားကစားစိတ်ဓါတ်ပြည့်ဝမှသာ မှန်ကန်သောအောင်မြင်မှုရရှိကာ ကမ္ဘာက လေးစားရသည့် မြန်မာ့ အားကစားဖြစ်လာပေလိမ့်မည်။
ထို့ကြောင့် နိုင်ငံ့ဂုဏ်ကို ဖော်ဆောင်ပေးမည့် လူငယ်အားကစားသမားများအား ဆထက်ထမ်းပိုး ယဉ်ကျေးလိမ္မာစေရန်အတွက်အားကစားဝန်ကြီးဌာန၊ လူငယ်လက်ရွေးစင် အားကစား လေ့ကျင့်ရေး စခန်းနှင့် ဓမ္မကျောင်းတော်(နေပြည်တော်) တို့ပူပေါင်းဖွင့်လှစ်သည့် ယဉ်ကျေးလိမ္မာ သင်တန်း အမှတ်စဉ်(၁/၂၀၁၄) ကို သြဂုတ်လ(၁၆)ရက်နေ့မှ စတင်၍ ဖွင့်လှစ် ပို့ချပေးနေပါသည်။ သင်ကြား ပေးမည့် ဘာသာရပ်များမှာ မြတ်စွာဘုရားရှင်၏ ဖြစ်တော်စဉ် မဟာဗုဒ္ဓဝင်အကျဉ်း၊ ကံကံ၏ အကျိုး ဆိုင်ရာ သင်ခန်းစာများကျောင်း၌ ယဉ်ကျေးခြင်း၊ လမ်း၌ ယဉ်ကျေးခြင်း၊ ကစားစဉ်၌ ယဉ်ကျေးခြင်း၊ ခရီးသွားစဉ်၌ ယဉ်ကျေးခြင်း၊ အစာစားစဉ်၌ ယဉ်ကျေးခြင်းနှင့် အထွေထွေယဉ်ကျေးခြင်းများ ပါဝင်ပါသည်။
ယနေ့ လူငယ်များ စူးစမ်းလေ့လာလိုသော ဆန္ဒဖြင့် မေးလေ့မေးထရှိတက်သည့် မေးခွန်းများဖြစ်သည့် ဗုဒ္ဓဝင်ဆိုင်ရာမေးခွန်းများ၊ ကံကံ၏အကျိုးဆိုင်ရာမေးခွန်းများ၊ ဗုဒ္ဓဘာသာဆိုင်ရာမေးခွန်းများ၊ ဗုဒ္ဓဘာသာဝင် တစ်ယောက်၏ တာဝန်ဆိုင်ရာ မေးလေ့မေးထရှိသော မေးခွန်းများ၊ ဒါနဆိုင်ရာ မေးခွန်းများ၊ လောကရေးရာ ဆိုင်ရာ မေးခွန်းများဖြစ်သည့် ဗုဒ္ဓဆိုတာ ဘယ်သူလဲ? ဘာကြောင့် ဗုဒ္ဓလို့ခေါ်တာလဲ? လူချင်းတူလျှက် ဘာကြောင့် ကံခြင်းမတူတာလဲ? ဗုဒ္ဓဘာသာဝင်ဆိုတာဘာလဲ? ဗုဒ္ဓဘာသာဝင်တွေက နေ့စဉ် ဘာတွေလုပ်သလဲ? ဒါနမပြုရင်အပြစ်ဖြစ်ပါသလား? လူ့ဘဝရခဲတယ် ဆိုပြီး လောကကြီးမှာ လူတွေက ဘာကြောင့် ဒီလောက်ကြီး များနေတာလဲ? စသည့် မေးခွန်များအတွက် အဖြေကိုလည်း အတွေ့အကြုံ ရင့်ကျက်သည့် ဆရာကြီး၊ ဆရာမကြီး များကိုယ်တိုင် သင်ကြားပေးမည် ဖြစ်ပါသည်။
ထို့ကြောင့် သင်တန်း၌ ပို့ချပေးမည့် ဘာသာရပ်ဆိုင်ရာ အကြောင်းအရာများကို လက်တွေ့လိုက်နာ ကျင့်သုံးပါက အားကစားလူငယ် မောင်မယ် များယဉ်ကျေးလိမ္မာလာပြီး စာရိတ္တမဏ္ဍိုင်မြင့်မားကာ တိုင်းပြည်ဂုဏ်ကို ဖော်ဆောင်ပေးနိုင်မည့် သားကောင်းရတနာ သမီးကောင်းရတနာများ ဖြစ်လာကြမည်မှာ ဧကန်ဖြစ်ပါသည်။
ကိုဇေ(နေပြည်တော်)