ရန်အောင်မြင်တောရကျောင်း (မြို့တော်ဝန်ကျောင်း)၊ ဓမ္မကျောင်းတော် – Dhamma Training Center

“နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ”

မာတိကာ

ကမ္ဘာပေါ်တွင် ဗုဒ္ဓမြတ်စွာသာသနာတော် အဓွန့်ရှည်ကြာ တည်တံ့နိုင်ရေးအတွက် ရည်မှန်းပါသည်။

“ကမ္ဘာပေါ်တွင် ဗုဒ္ဓမြတ်စွာသာသနာတော် အဓွန့် ရှည်ကြာတည်တံ့နိုင်ရေး” သည်ရန်အောင်မြင်တောရ ကျောင်း (မြို့တော်ဝန်ကျောင်း) ဓမ္မကျောင်းတော် Dhamma Training Center ၏ ပဓာန ရည်မှန်းချက် ဖြစ်ပါသည်။

blank

ရည်မှန်းချက် အောင်မြင်နိုင်ရေးအတွက် –

(က) ပရိယတ္တိသာသနာပြုလုပ်ငန်း

က-၁။ ဝိနည်းအခြေပြု ပရိယတ္တိစာသင်တိုက်
က-၂။ မြန်မာနိုင်ငံလုံးဆိုင်ရာ ဝိနယဝံသပါလအသင်း
က-၃။ ဥပါသကာတို့ဆိုင်ရာ ဓမ္မစာပေသင်တန်း

( ခ) ပဋိပတ္တိသာသနာပြုလုပ်ငန်းနှင့်

ခ -၁။ ဝိပဿနာကမ္မဋ္ဌာန်းရိပ်သာ
( ဂ) သာသနာပြုပရဟိတလုပ်ငန်း

ဂ -၁။ နိုင်ငံတော်သို့ သာသနာတော်ဆိုင်ရာ အဆိုပြုလွှာများ တင်သွင်းခြင်း
ဂ-၂။ နေပြည်တော်ယဉ်ကျေးလိမ္မာစင်တာ
ဂ-၃။ မြန်မာနိုင်ငံ ဓမ္မကျောင်းတော် ထွန်းကားပြန့်ပွားရေးဗဟို
လုပ်ငန်းများကို စွမ်းအားရှိသမျှ ကြိုးပမ်း ဆောင်ရွက်လျက်ရှိပါသည်။

.

(က) ပရိယတ္တိသာသနာပြုလုပ်ငန်း

က-၁။ ဝိနည်းအခြေပြု ပရိယတ္တိစာသင်တိုက်

ရည်ရွယ်ချက်

အနာဂတ် သာသနာ့တာဝန်ကို လက်ဆင့်ကမ်း ထမ်းရွက်သွားကြမည့် သာသနာ့အာဇာနည် အရှင်ကောင်းအရှင်မြတ်များသည် ‘စိတ်ကောင်း၊ စာတတ်၊ အကျင့်မြတ်’ ဟူသော အင်္ဂါသုံးရပ်တို့ဖြင့် ပြည့်ဝစေရန် ရည်ရွယ်ပါသည်။

သာသနာပြုရာ၌ အရေအတွက်သာသနာတော်ကို ဦးစားမပေးဘဲ အရည်အချင်း သာသနာတော်ကိုသာ ဦးစားပေးဆောင်ရွက်ရမည်ဟူသောရန်ကင်းဆရာတော်၏ သြဝါဒအတိုင်း ပရိယတ္တိစာပေထဲက စိတ်ထားမြင့်မြတ်မှုကို အတုယူအားကျတတ်လာစေရန်နှင့် အကျင့်သီလမည်သော ဝိနည်းသိက္ခာပုဒ်များကို ရဟန်းသာမဏေတို့၏ နေ့စဉ်ဘဝထဲအထိ ပါဝင်လာသည့်တိုင် လေ့ကျင့်သင်ကြားပေးနေသောဌာန ဖြစ်ပါသည်။

ပို့ချသောစာဝါများ

* ဓမ္မာစရိယစာဝါနှင့် ပါဠိပါရဂူစာဝါ

* သာသနာလင်္ကာရ သာမဏေကျော်စာဝါ

* ပထမပြန် (ငယ်၊ လတ်၊ ကြီး) စာဝါ

* အဘိဝိနယာစရိယ (ပ ၊ ဒု၊ တ) စာဝါ

* ပါဠိဘာသာစာဝါများနှင့် ကျမ်းကြီးဖောက်စာဝါ

က-၂။ မြန်မာနိုင်ငံလုံးဆိုင်ရာ ဝိနယဝံသပါလအသင်း

ရည်ရွယ်ချက်

‘အနာဂတေ သာသနံ လဇ္ဇီ ရက္ခိဿတိ’ ဟူသော အဋ္ဌကထာစကားနှင့်အညီ

မြန်မာနိုင်ငံ၏ အနာဂတ်သာသနာ့တာဝန်ကို ပုခုံးပြောင်းကာ ဦးဆောင်ဦးရွက် ပြုတော်မူကြမည့် ရဟန်းတော်အရှင်မြတ်များသည်

စာပေပရိယတ္တိအရာတွင် နှံ့စပ်ကျွမ်းကျင် တတ်မြောက်ရုံသာမက ဝိနည်းပဋိပတ်အရာတွင်လည်း ကျွမ်းကျင်နိုင်နင်းသည့်

သာသနာ့အာဇာနည် အလောင်းအလျာ ရှင်ရဟန်းကောင်းများ ပေါ်ထွန်းလာစေရန်

အသင်း၏တာဝန်

* နှစ်စဉ် အဘိဝိနယာစရိယစာမေးပွဲကျင်းပခြင်း
* အဘိဝိနယာစရိယစာမေးပွဲ၏ စာအောင် သံဃာ တော်တို့အား ဘွဲ့နှင်းသဘင် အခမ်းအနားဖြင့် ဘွဲ့တံဆိပ်များ ဆက်ကပ်ခြင်း
* ဝိနည်းသီလကို အလေးဂရုထားသည့် ပရိယတ္တိ စာသင်တိုက်ကို ထူထောင်ပြီး ပစ္စည်းလေးပါး တာဝန်ယူခြင်း
* မြန်မာ့မြေပေါ်မှ ရှေးမဟာထေရ်မြတ်တို့၏ စံနမူနာယူစရာကျင့်သီလ မှတ်တမ်းတို့ကို စုဆောင်းကာ ပါဠိဘာသာ ပြန်ခြင်းနှင့် အင်္ဂလိပ်ဘာသာသို့ ပြန်ဆိုကာ ကမ္ဘာအနှံ့သို့ ဖြန့်ချိခြင်း

စာမေးပွဲပြဋ္ဌာန်းကျမ်းစာ

မြန်မာနိုင်ငံလုံးဆိုင်ရာ ဝိနယဝံသပါလအသင်း ကြီးက ကြီးမှူးကျင်းပနေသည့် အဘိဝိနယာစရိယ စာမေးပွဲ၏ ပြဋ္ဌာန်းကျမ်းစာများမှာ ဝိနည်း (၅)ကျမ်း ပါဠိတော်၊ အဋ္ဌကထာနှင့် ဋီကာ (Pali,Commentry and Sub-commentry) တို့ ဖြစ်ပါသည်။

Open Book System

စာမေးပွဲအခန်းထဲ စာဖြေစားပွဲပေါ်၌ ကျမ်းစာ အုပ်များကို ကြည့်၍ ကျမ်းပြုစုသည့်နှယ် ကျမ်းညွှန်းများ တိကျစွာပေးပြီး ဖြေဆိုရမည့် Open Book Examanation System စာမေးပွဲ ဖြစ်ပါသည်။ ဝိနည်းလက်တွေ့ကျင့် သုံးမှုကိုလည်း စစ်ဆေးပြီး အာဂုံပါဠိတော်ကိုလည်း ဖြေဆိုရပါသည်။ တတိယအဆင့် ဖြေဆိုအောင်မြင်ပြီးသည့် အရှင်မြတ်များအနေဖြင့် ဘွဲ့ဆက်ခံနိုင်ရန်အတွက် စာတမ်းတစ်စောင် တင်သွင်းရပါမည်။

ဘွဲ့ဆက်ကပ်ခြင်း

မြန်မာနိုင်ငံလုံးဆိုင်ရာ ဝိနယဝံသပါလစာမေးပွဲ အသင်း၏ ဝိနည်းစာမေးပွဲတွင် ဝင်ရောက်ဖြေဆိုအောင်မြင် တော်မူကြသည့် ရဟန်းတော်များနှင့် သာမဏေများအား အောင်မြင်သောအဆင့်အလိုက် အောက်ဖော်ပြပါအတိုင်း အောင်လက်မှတ် နှင့် ဘွဲ့တံဆိပ်တော်ကို ဆက်ကပ်လှူဒါန်းလျက် ရှိပါသည်။
ပထမအဆင့်နှင့် ဒုတိယအဆင့် အောင်မြင်တော်မူကြသည့် အရှင်မြတ်များအား သက်ဆိုင်ရာ အဆင့်အလိုက် အောင်မြင်ပြီးမြောက်ကြောင်း လက်မှတ် Completion Certificate များကို ဆက်ကပ်ပါသည်။ တတိယအဆင့် အောင်မြင်တော်မူကြပြီး ပြည့်စုံသည့် စာတမ်းတစ်စောင် တင်သွင်းပြီးသည့် အရှင်မြတ်တို့အား တတိယအဆင့် စာမေးပွဲ ဖြေဆိုအောင်မြင်တော်မူ ကြောင်းလက်မှတ်နှင့်
“ဝိနယဝံသပါလာဘိဝိနယာစရိယဘွဲ့တံဆိပ်တော်” ကို ဆက်ကပ်လှူဒါန်းပါသည်။

သံဃာတော်များဆိုင်ရာ သင်တန်းများ

(က) ရန်အောင်မြင်တောရ (မြို့တော်ဝန်ကျောင်း) မှ ရှင် ရဟန်းများသည် ရှေးရှေးမဟာထေရ်များနည်းတူ ဝိနည်းသီလကို ပဓာနပြုသည့် ပရိယတ္တိစာသင်တိုက်တွင် ပိဋကတ်စာပေများ သင်ကြားသင်ယူခြင်း

(ခ ) တောနေရဟန်းတော်များ၏ ကျင့်စဉ်များနှင့် ဓူတင် ဆိုင်ရာကျင့်စဉ်များကို သင်ကြားလေ့ကျင့်ပေးခြင်း

(ဂ) နိုင်ငံတော်အစိုးရမှ နှစ်စဉ်ကျင်းပသည့် ပထမပြန်စာ မေးပွဲကိုလည်းကောင်း၊ နိကာယ်စာမေးပွဲများကို လည်းကောင်း၊ အသင်းများကကျင်းပသည့် သာမဏေကျော် စာမေးပွဲကိုလည်းကောင်း၊ အဘိဝိနယာစရိယ စာမေးပွဲကိုလည်းကောင်း ဝင်ရောက် ဖြေဆိုခြင်း

(ဃ) ဘုန်းတော်ကြီးကျောင်း အုပ်ချုပ်မှုဆိုင်ရာ သင်တန်း ဖွင့်လှစ်ပို့ချခြင်း

(င ) စာတမ်းပြုစုခြင်းဆိုင်ရာ သင်တန်းပို့ချခြင်း

(စ ) သိမ်ဆိုင်ရာ လက်တွေ့သင်တန်းများ ပို့ချခြင်း

(ဆ) အခါအားလျော်စွာ ဖွင့်လှစ်လျက်ရှိသည့် တောနေရဟန်းတော်များ သိထားရမည့် ကောင်းကင်ကြယ်ကြည့်နည်း သင်တန်းနှင့်

(ဇ ) သံဃာတော်များဆိုင်ရာ ယဉ်ကျေးလိမ္မာ နည်းပြဆရာဖြစ် နယ်လှည့်သင်တန်းကိုလည်း အခါအားလျော်စွာ ဖွင့်လှစ်ပို့ချခြင်းအပါအဝင် သာသနာတော်အတွက် ကျေးဇူးများမည့် အခြားသင်တန်းများကိုလည်း အခါအားလျော်စွာ ဖွင့်လှစ်ပေးလျက် ရှိပါသည်။

blank

blank

က-၃။ ဥပါသကာတို့ဆိုင်ရာ ဓမ္မစာပေသင်တန်း

ရည်ရွယ်ချက်

ဝိပဿနာတရားအားထုတ်ကြသည့် ဥပါသကာ၊ ဥပါသိကာမတို့အတွက် ပရိယတ္တိ အခြေခိုင်မာသည့် ပဋိပတ်ဖြစ်စေရန် ရည်မှန်း၍ လူတို့နှင့်သက်ဆိုင်သည့် ဓမ္မစာပေများကို သင်ကြားပေးလျက်ရှိပါသည်။

ဥပါသကာ၊ ဥပါသိကာမ ဆိုင်ရာသင်တန်းများ

(က) ဝိပဿနာ ၁၀-ရက် တရားစခန်း လစဉ်ပုံမှန် ဖွင့်လှစ်ခြင်း၊
(ခ) သကြ်န်ကာလ ဝိပဿနာတရား စခန်းဖွင့်လှစ်ခြင်း
(ဂ) နွေရာသီနယ်လှည့် ဝိပဿနာတရားစခန်းများ အခါအားလျော်စွာ ဖွင့်လှစ်ခြင်း
(ဃ) အဘိဓမ္မာ၊ ပဋ္ဌာန်းနှင့် ဝိသုဒ္ဓိမဂ်သင်တန်းများကို အပတ်စဉ် တနင်္ဂနွေနေ့တိုင်း ဖွင့်လှစ်သင်ကြားခြင်း
(င ) ကပ္ပိယကောင်း သင်တန်းများနှင့် ဆွေးနွေးပွဲများ ကျင်းပခြင်း(စ ) ယဉ်ကျေးလိမ္မာ နည်းပြဆရာဖြစ် သင်တန်းများ လစဉ် ဖွင့်လှစ်သင်ကြားခြင်း

(ဆ) ယဉ်ကျေးလိမ္မာ နည်းပြဆရာဖြစ် (နယ်လှည့်) သင်တန်းများ အခါအားလျော်စွာ ဖွင့်လှစ်သင်ကြားခြင်း
(ဇ ) ယဉ်ကျေးလိမ္မာ ဆရာ၊ ဆရာမမွမ်းမံ သင်တန်းများ အခါအားလျော်စွာ ဖွင့်လှစ်သင်ကြားခြင်း
(ဈ) ယဉ်ကျေးလိမ္မာ ဆရာ၊ ဆရာမ မွမ်းမံ (နယ်လှည့်) သင်တန်းကို ပြည်နယ်နှင့် တိုင်းဒေသကြီးများ၏ လိုအပ်ချက်အရ ဖွင့်လှစ်ပေးခြင်း
(ည) သကြ်န်တွင်း ရက်တို ယဉ်ကျေးလိမ္မာသင်တန်း ပို့ချခြင်း
(ဋ ) ဆရာ၊ ဆရာမများ၏ သင်ကြားနည်းစနစ် အရည် အသွေးမြင့်မားလာစေရေးအတွက် အရည်အချင်း ပြည့်ဝသည့် ဆရာ၊ ဆရာမများသာ တက်ခွင့်ရှိ သည့် TOT သင်တန်းများကိုလည်း သက်ဆိုင်ရာ ပညာရှင်များနှင့် ညှိနှိုင်းကာ အခါ အားလျော်စွာ ပို့ချပေးခြင်း

(ဌ) ညီတော် နောင်တော်များက ဖွင့်လှစ်သည့် ယဉ် ကျေးလိမ္မာသင်တန်းများသို့ နည်းပြဆရာ စေလွှတ်ပေးခြင်း၊ သင်နည်းစနစ်များကို မျှဝေခြင်း

(ဍ) ဓမ္မကျောင်းတော် နည်းပြဆရာဖြစ် (TOT) Online သင်တန်း
(ဎ) ထေရဝါဒလူငယ် တို့၏ဘဝတန်ဖိုးနှင့် ဘဝအောင်မြင်ရေး Online သင်တန်းနှင့်
(ဏ) နည်းပညာခေတ် လူငယ်တို့၏ အနာဂတ် Online သင်တန်းတို့ ဖြစ်ပါသည်။

Online သင်တန်း

တစ်ဖက်တွင်လည်း Online မှ Video Conferensing စနစ်ဖြင့် ဓမ္မစာပေများကို ပို့ချလျက်ရှိရာ မြန်မာပြည်တစ်ဝန်းသာမက နိုင်ငံရပ်ခြား တိုင်းပြည်များကလည်း ဓမ္မစာပေများကို သင်ယူလျက်ရှိပါသည်။
ဖွင့်လှစ်သင်ကြားပေးနေသော သင်ခန်းစာများမှာ လူတို့၏ဘဝနှင့် အဘိဓမ္မာတရားတော်၊ ပဋ္ဌာန်းတရားတော်နှင့် ကျွန်ုပ်တို့၏ နေ့စဉ်ဘဝဟူသောအမြင်ဖြင့် Applied method ဖြင့် လက်တွေ့အသုံးချရှုဒေါင့်မှ သင်ကြားပေးခြင်း ဖြစ်ပါသည်။

သီလရှင်များဆိုင်ရာ သင်တန်းများ

သာသနာ့နွယ်ဝင် သီလရှင်ဆရာလေးများသည် မိမိတို့၏ ဆိုင်ရာ၊ ဆိုင်ရာလုပ်ငန်းများ၌ အရည်အချင်း ပြည့်၀နေမှသာ ကျရောက်လာသော သာသနာ့တာဝန်ကို ပြည့်ပြည့်၀၀ ထမ်းရွက်နိုင်မည် ဖြစ်သဖြင့် အရည်အချင်း မြင့်တက်လာစေရန် လေ့ကျင့်သင်ကြားခြင်း ဖြစ်ပါသည်။

(က) ပါဠိသဒ္ဒါရေးနည်းနှင့် ပါဠိစာပေဆိုင်ရာ အခြေခံသင်တန်းများ
(ခ ) နည်းပညာဆိုင်ရာ အခြေခံသင်တန်းများနှင့်
(ဂ ) သက်ဆိုင်ရာ လုပ်ငန်းရပ်များဆိုင်ရာတို့ကို လေ့လာသင်ကြားခြင်းတို့ ဖြစ်ပါသည်။

(ခ) ပဋိပတ္တိသာသနာပြုလုပ်ငန်း

ခ-၁။ ဝိပဿနာကမ္မဋ္ဌာန်းရိပ်သာ

ရည်ရွယ်ချက်

“မြတ်ဗုဒ္ဓ၏ သာသနာ့အကျိုးကို သယ်ပိုး ရွက်ဆောင်နိုင်ရန်

ပရိယတ် ပဋိပတ်နှစ်ဖြာ ကျွမ်းကျင်တော်မူကြသည့် စွယ်စုံ အာဇာနည်သူတော်ကောင်းများ ပေါ်ထွန်းလာစေရန်နှင့်

သံသရာလွတ်ကြောင်း တစ်ခုတည်းသော လမ်းအဖြစ် မြတ်စွာဘုရားရှင် ဟောကြားတော်မူထားသည့်

မဟာသတိပဋ္ဌာန်တရားတော်၏ အကျိုးကျေးဇူး(၇)ပါးကို

ရဟန်း ရှင်လူအများ ရရှိသုံးဆောင်ခံစားနိုင်စေရန် ရည်ရွယ်ပါသည်။”

ဝိပဿနာတရားစခန်းများကို အောက်ပါအတိုင်း ဖွင့်လှစ်ပါသည် –
(က) လူကြီး၊ လူလတ်နှင့် လူငယ်များအတွက် တရားစခန်းများ
(ခ ) အခါအားလျော်စွာ နယ်လှည့်တရားစခန်းများနှင့်
(ဂ ) ပရိယတ် ပဋိပတ်နှစ်ဖြာ စွယ်စုံအားထားနိုင် လောက်သည့် ရဟန်းကောင်းများ ပေါ်ထွန်းလာနိုင်ရန် အခါအားလျော်စွာ သံဃာတရားပတ်များကို ဖွင့်လှစ်ပါသည်။

အနာဂတ်သာသနာ့တာဝန်

‘တပည့်များ ဆရာထက်တော်ရမည်’ ဟူသော ရန်ကင်းဆရာတော်၏ သြဝါဒအတိုင်း အနာဂတ် သာသနာ့တာဝန်ထမ်းရွက်မည့် စာသင်သားသံဃာတော်များအတွက် သံဃာတရားပတ်များ ဖွင့်လှစ် သင်ကြားပေးလျက် ရှိပါသည်။ ထို့ပြင် လူကြီး၊ လူလတ်များအတွက် လစဉ် (၁၀)ရက် ဝိပဿနာတရားစခန်းဖွင့်လှစ်ပြီး အခါအားလျော်စွာ လူငယ်တရား စခန်းများ၊ နယ်လှည့်တရားစခန်းများကိုလည်း ဖွင့်လှစ် သင်ကြားပေးလျက် ရှိပါသည်။

တရားစခန်း
၂၀၂၁-ခုနှစ်၊ ဧပြီလ (၃၀)ရက် အထိ ဝိပဿနာတရားစခန်းပေါင်း (၁၉၂) ကြိမ် ဖွင့်လှစ်ခဲ့ရာ နိုင်ငံတစ်ဝန်းမှ ဝိပဿနာတရားကို လာရောက်အားထုတ်ကြသည့် ယောဂီစုစုပေါင်း (၅,၃၉၀) ဦး ရှိခဲ့ပါသည်။

(ဂ) သာသနာပြု ပရဟိတလုပ်ငန်း

ဂ-၁။ နိုင်ငံတော်သို့ သာသနာတော်ဆိုင်ရာ အဆိုပြုလွှာများ တင်သွင်းခြင်း

ရန်ကင်းဆရာတော်၏ ပဓာနရည် မှန်းချက်မှာ ‘မြတ်ဗုဒ္ဓ၏ အဆုံးအမများ ရင်သွေးငယ်များ၏ နှလုံးသားထဲ များများကိန်းဝပ်မှသာ မြန်မာ့မြေပေါ်တွင် သာသနာ အရှည်တည်တံ့မည်’ဟူ၍ ဖြစ်ပါသည်။
ထို့ကြောင့် ဗုဒ္ဓဘာသာယဉ်ကျေးမှုအခြေခံသင်ခန်း စာနှင့် ပြည်သူ့နီတိကို အစိုးရမူလတန်းကျောင်းများ၌ စာမေးပွဲဘာသာရပ်အဖြစ် သင်ကြားနိုင်ရေးအတွက် နိုင်ငံတော်အစိုးရထံသို့ ၂၀၀၈-ခုနှစ် ဧပြီလ (၂၇)ရက်၌ (Proposal) အဆိုပြုလွှာကို တစ်ကြိမ် တင်သွင်းတော်မူပါသည်။

ထူးခြားမှုမရှိလာသဖြင့် တနင်္ဂနွေနေ့တိုင်း ဓမ္မကျောင်းတော် ယဉ်ကျေးလိမ္မာသင်တန်းများကို မြန်မာ နိုင်ငံတစ်ဝန်း ကျယ်ကျယ်ပြန့်ပြန့် သင်ကြားနိုင်ရန်အတွက် (၂၀၀၈-ခုနှစ်)က စတင်ပြီး ရန်ကင်းဆရာတော်မှ စွမ်းအားရှိသမျှ ကြိုးပမ်းခဲ့ပါသည်။

ပြဋ္ဌာန်းစာအုပ်ကို ကလေးသူငယ်အကြိုက် လေး ရောင်ခြယ်ပြီး အုပ်ရေ (၄၀၀၀) ပုံနှိပ်နိုင်ရန်ပင် ငွေကြေး အတော်ကြီး ခက်ခဲနေသောကြောင့် ကာလအတန်ပင် ကြာညောင်းခဲ့ရပါသည်။
အရှင်မြတ်သည် အခြားတစ်ဖက်တွင်လည်း မူလအဆိုပြုလွှာဖြစ်သော ဗုဒ္ဓဘာသာယဉ်ကျေးမှုအခြေခံ သင်ခန်းစာအပါအဝင် စာရိတ္တနှင့် ပြည့်သူ့နီတိကို အစိုးရမူလတန်းကျောင်းများ၌ ကျောင်းသင်ဘာသာရပ်အဖြစ် သင်ကြားနိုင်ရေးအတွက် နိုင်ငံတော်အစိုးရထံသို့ ၂၀၁၁-ခုနှစ် မတ်လ (၃)ရက်နေ့တွင် အဆိုပြုလွှာ (Proposal) ကို ထပ်မံ တင်သွင်းတော်မူပါသည်။
ထူးခြားမှု မရှိလာသေးသောကြောင့် ၂၀၁၂-ခုနှစ် တွင် ဗုဒ္ဓဘာသာယဉ်ကျေးမှု အခြေခံသင်ခန်းစာအပါ အဝင် စာရိတ္တနှင့် ပြည့်သူ့နီတိကို အစိုးရစာသင်ကျောင်း မူလတန်းအဆင့်၌ သင်ကြားရေးအဆိုပြုလွှာ (Proposal) ကို စာအုပ်အသွင် ပြောင်းလဲရေးသားပြီး ပထမအကြိမ် ပြည်သူ့လွှတ်တော်၊ ဒုတိယအစည်းအဝေးသို့တက် ရောက်နေကြသည့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ၏ လက်ဝယ်သို့ ရောက်ရှိနိုင်ရေးအတွက် ကြိုးပမ်း တော်မူခဲ့ပါသည်။

ထူးခြားမှု အထူးမတွေ့မမြင်ရပါသော်လည်း ဆရာတော်မှ လက်မလျှော့သေးဘဲ နိုင်ငံတစ်ဝန်း မသင်ကြားနိုင် စေကာမူ နေပြည်တော်မှ အစပျိုးနိုင်လျှင်မူ ကောင်းလေစွဟု ကြံစည်တော် မူပြီး၂၀၁၃-ခုနှစ်၌ ထပ်မံ၍ တစ်ကြိမ် ကြိုးစားတော်မူပါသည်။
ဆရာတော်က “ရင်သွေးငယ်တွေ မလိမ္မာတာကို မြင်ရ၊ ကြားရတိုင်း စိတ်မကောင်းဖြစ်မိလို့ အခုလို ကြိုးစား နေတာပါ၊ ဒို့တတ်နိုင်တဲ့ဘက်က တနင်္ဂနွေဓမ္မကျောင်းတော်တွေ နိုင်ငံတစ်ဝန်း ရာပေါင်းများစွာ ဖွင့်ထားပြီးပါပြီ၊ မလောက်သေးပါဘူး၊ ဆင့်ပါးစပ် နှမ်းပက် သလောက်ပဲရှိတယ်၊ မိမိကိုယ်ရေးအတွက်ဆိုရင် ဒီလိုမကြိုးစားပါဘူး၊ တိုင်းပြည်ရဲ့အနာဂတ်ကို ပိုင်ဆိုင်ထားတဲ့ လူငယ့်အရေးမိုလို့ ကြိုးစားနေရတာပါ” ဟု မိန့်ကြားတော်မူပါသည်။
ထိုအခါကာလ၏ နောက်ပိုင်း၌မူ ထူးခြားမှုရှိလာသည်ဟု ဆိုနိုင်ပါသည်။ အကြောင်းမှာ နိုင်ငံတော်အစိုးရ ပညာရေးဝန်ကြီးဌာနအနေဖြင့် စာရိတ္တနှင့် ပြည်သူ့နီတိကို အစိုးရစာသင်ကျောင်းများ၌ သင်ကြားရန် စတင် ဆောင်ရွက်နေပြီဖြစ်သဖြင့် ဆရာတော်၏ ကြိုးပမ်းမှု တစ်စိတ်တစ်ပိုင်း အောင်မြင်လာပါသည်။

ဝိသုံဂါမသိမ်ခွင့်ပြုမိန့်

တစ်ဖက်၌လည်း သာသနာတော်၏ အသက်သွေးကြောဖြစ်သည့် ဝိသုံဂါမသိမ်ခွင့်ပြုမိန့်ကို မင်းအစိုးရထံ တင်ပြတောင်းခံရာတွင် လျှောက်ထားသည့် ကျောင်း၏ ကျောင်းထိုင်ဆရာတော် ပျံလွန်တော်မူသည့်တိုင် နိုင်ငံတော်မှ ခွင့်ပြုမိန့် ကျမလာသည့် သာဓကများစွာ ရှိခဲ့ဖူးသဖြင့် ဆရာထေရ်တစ်ပါးက “ကြိုးစားပေးပါဦး ဦးခေမာ” ဟု မိန့်ကြားတော်မူသောကြောင့် ဝိသုံဂါမသိမ်ခွင့်ပြုမိန့်ကို လွယ်ကူလျှင်မြန်စွာ ရရှိနိုင်ရေးတွက် ၂၀၀၀-ပြည့် နှစ်လွန် ကာလမှ ဆရာတော် စတင်၍ ကြိုးပမ်းတော်မူပါသည်။

ပထမအကြိမ် လွှတ်တော်သက်တမ်း၌ လွှတ်တော် ကိုယ်စားလှယ်မှတစ်ဆင့် ပြည်သူ့လွှတ်တော် အစည်း အဝေးသို့ တင်သွင်းကာ ဝိသုံဂါမသိမ်ကိစ္စကို မေးမြန်းနိုင်မည့် အခွင့်အရေးတစ်ရပ် ပေါ်ပေါက်လာခဲ့ပါသည်။ ဆရာတော်က ထိုအခွင့်အရေးကို အရအမိ ရယူတော်မူနိုင်ခဲ့ပါသည်။ ထို့ကြောင့် ယခုအခါ အမှုတွဲပြည့်စုံစွာ တင်သွင်း နိုင်လျှင် နိုင်ငံတော်မှ ရက်သတ္တနှစ်ပတ်အတွင်း ဝိသုံဂါမသိမ်မိန့်ကို ချပေးလာသည်အထိ ထူးခြားစွာ တိုးတက်မှု ရှိလာပါသည်။

ဝိသုံဂါမသိမ်ခွင့်ပြုမိန့်ကို ယခင်ကကဲ့သို့ မခက်ခဲတော့ဘဲ လွယ်ကူစွာရရှိလာနိုင်သဖြင့် သာသနာ့ဝန် ထမ်းရွက် တော်မူနေကြသည့် ဆရာတော်သံဃာတော်များကလည်း စိတ်နှလုံး ရွှင်ပြတော်မူကြပါသည်။ “ဦးခေမာက သာသနာတော်အတွက် တာဝန်ကျေပါတယ်” ဟု သံဃဖခင်ထေရ်ရှင်မြတ်ဖြစ်တော်မူသည့် ရွှေကျင်သာသနာပိုင် ဝါဆိုဆရာတော်ကြီးက မိန့်ကြားတော်မူပါသည်။

ဂ-၂။ နေပြည်တော်ယဉ်ကျေးလိမ္မာစင်တာ

ရည်ရွယ်ချက်

တိုင်းပြည်၏ အနာဂတ်ကို ပိုင်ဆိုင်ထားကြသည့် လူငယ်မောင်မယ်များ

ယဉ်ကျေးလိမ္မာပြီး စာရိတ္တ မြင့်မားကာ အမျိုး ဘာသာ သာသနာကို ချစ်မြတ်နိုးတတ်သည့်

လူတော်လူကောင်းများကို သင်ကြား မွေးထုတ်ပေးကြမည့် ဆရာ၊ ဆရာမများအား

စဉ်ဆက်မပျက် လေ့ကျင့် ပျိုးထောင်ပေးရန် ဖြစ်ပါသည်။

နည်းပြ ဆရာဖြစ်သင်တန်းဌာနကို အောက်ပါရည်ရွယ်ချက်များဖြင့် ဖွင့်လှစ် အကောင်အထည်ဖော် လျက်ရှိပါသည် –

(က) ကိုယ်ကျင့်သိက္ခာနှင့် အမျိုး ဘာသာ သာသနာ မြတ်နိုးစိတ်မြင့်မား၍ အရည်အချင်း ပြည့်၀သည့် ဓမ္မကျောင်းတော်သင် ဆရာ၊ ဆရာမများနှင့် ဗုဒ္ဓသာသနာပြုလူပုဂ္ဂိုလ်များ ပေါ် ထွက်လာစေရန်။

(ခ ) ထေရဝါဒဗုဒ္ဓသာသနာတော် အဆုံးအမနှင့် ယဉ်ကျေးမှုများကို ဘာသာရေးအသွင်နှင့် ပညာရေးအသွင် ပေါင်းစပ်ထားပြီး ကလေးဗဟိုပြုချဉ်း ကပ်နည်း (Child-Centred Approach) CCA နည်းဖြင့် သင်ကြား ပို့ချပေး နိုင်မည့် ဓမ္မကျောင်းတော်သင် စိတ်ဓာတ်၊ စည်းကမ်း၊ ပညာအရာ၌ စံပြ ဖြစ်သော ဆရာ၊ ဆရာမများ မွေးထုတ်ပေးရန်။

(ဂ ) တနင်္ဂနွေဓမ္မကျောင်းတော်သင် ဆရာ၊ ဆရာမ များအတွက် ထေရဝါဒဗုဒ္ဓသာသနာတော်၏ အဆုံးအမများ ပြည့်စုံမှန်ကန်စွာသိရှိပြီး ခေတ်မီ သင်ကြားနည်းစနစ်ဖြင့် သင်ကြားပေးနိုင်ရေးအတွက် မြို့နယ်တိုင်းတွင် နည်းပြ ဆရာအဖွဲ့များ ဖွဲ့စည်းအကောင်အထည် ဖော်နိုင်ရန်။

(ဃ) စီမံခန့်ခွဲမှုပညာ တတ်ကျွမ်းနားလည်သော နည်းပြဆရာ၊ ဆရာမများက မြို့နယ်၊ ကျေးရွာ၊ ရပ်ကွက် ကော်မတီ အဆင့်ဆင့် ကို ဓမ္မကျောင်း တော်များရေ ရှည်တည်တံ့ ခိုင်မြဲအောင် စိတ်ဝင်စား စွာဖြင့် တက်တက် ကြွကြွ ပါဝင်ဆောင်ရွက်ကြမည့် ကော်မတီဝင်များဖြင့် ဖွဲ့ စည်းနိုင်ရေး စည်းရုံးဆောင်ရွက်နိုင်စေရန်။

(င) ဖွံ့ဖြိုးတိုးတက်လာသော နည်းပညာခေတ် လူငယ်တို့၏ စိတ်ဓာတ်နှင့် အတွေးအခေါ်များ အစဉ် တိုးတက်ပြီး ဘဝတန်ဖိုးနှင့် ဘဝအဓိပ္ပာယ်ကို နားလည်ကာ အမိနိုင်ငံတော်အတွက် အားကိုးအားထားပြုရမည့် သားကောင်းရတနာ သမီးကောင်းရတနာများ ပေါ်ထွန်းလာစေရန်။

သင်ကြားနည်းစနစ်များ

နေပြည်တော်ယဉ် ကျေးလိမ္မာစင်တာတွင် ယနေ့ ကမ္ဘာ့ပညာရှင်များက အကောင်းဆုံးသင် ကြားနည်းအဖြစ် အသိအမှတ်ပြုထားသည့် ကလေးဗဟိုပြု ချဉ်းကပ် သင်ကြားနည်း (Child-Centred Approach) CCA ကို အဓိကကျောရိုးထားပြီး သင်ကြားပေးပါသည်။ အလုပ်ရုံ ဆွေးနွေးပွဲများ (Work shop)၊ စင်တင်စကား ပြောပွဲများ (Talk Show)၊ စကားရည်လုပွဲများ (Debate)၊ အုပ်စု လိုက် ဆွေးနွေးပွဲများ (Group Discussion) ၊ Presentation၊ ဏမနျနညအအေငသည သရုပ်ပြသင်ကြားခြင်းများ၊ စာတမ်းများ ပြုစုတင်ပြခြင်း (Buddha Dhamma Paper Presentation) နည်းစနစ် များဖြင့် သင်ကြားပေးနေပါသည်။

ထို့နောက် သင်ကြားပြီးသင်ခန်းစာများကို စာတမ်းရေးသားစေခြင်း (Assignment) သင်တန်းသား တို့၏ အသိအမြင်တိုးတက်မှုကို (Pre-test, Post-test) များဖြင့် ဆန်းစစ်လေ့ရှိသကဲ့သို့ သင်နည်းစနစ်ကောင်း နှင့် သင်ထောက်ကူပစ္စည်း (Teaching Aids) များကို အသုံးပြုပြီး သင်တန်းကို သင်ကြားပါသည်။


အလွန့်အလွန် အဆင့်အတန်းမြင့်မားသည့် မြတ်ဗုဒ္ဓ၏ ဓမ္မတရားတော်ကို ကမ္ဘာ့အကောင်းဆုံး အဆင့်မြင့် သင် ကြားနည်းစနစ်များဖြင့် အတွေ့အကြုံပြည့်ဝသည့် ပညာရေးဌာန၏ အငြိမ်းစားပညာရှင်တို့က စခန်းသွင်း သင်ကြားခြင်းနှင့် Online Video Conferencing စနစ်ဖြင့် သင်ကြားခြင်းဟူ၍ သင်ကြားနည်းမျိုးစုံဖြင့် သင်ကြားနေသည့် သင်တန်း ဖြစ်ပါသည်။

အရေးပါသည့် အငြိမ်းစား ဆရာကြီး၊ ဆရာမကြီးများ၏ အခန်းကဏ္ဍ

အသက်အရွယ် ကြီးရင့်နေသည့် အငြိမ်းစားဆရာကြီး၊ ဆရာမကြီးများ၏ နှလုံးသားဝယ် တန်ဖိုး မဖြတ်နိုင်သည့် အတွေ့အကြုံများ၊ လေ့လာမှုများနှင့်တကွ ဖြတ်သန်း လာခဲ့သည့် လူ့ဘဝ၏ အသက်အရွယ် အားလျော်စွာ ဗဟုသုတဟင်းလေးအိုးကြီးများ ဖြစ်ကြပါသည်။ ထို့ပြင် အငြိမ်းစား ဆရာကြီး၊ ဆရာမကြီးများသည် ဤသာသနာပြုလုပ်ငန်းအတွက် အချိန်ကို အလုံအလောက် ပေးနိုင်ကြပါသည်။ တစ်ဖန် ဆရာကြီး၊ ဆရာမကြီးများ၏ ရင်ထဲတွင် သင်ကြားနည်းစနစ် (Teaching method) များအပြင် စီမံခန့်ခွဲမှုနှင့် အုပ်ချုပ်မှုစွမ်းရည် (Management power) များလည်း ရှိနေပါသေးသည်။ ထိုထိုစွမ်းရည် တို့ကို နိုင်ငံတစ်ဝန်း၌ ဖွင့်လှစ်ထားရှိသည့် ဓမ္မကျောင်း တော်များ၌ တာဝန်ထမ်းဆောင်ကြမည့် မျိုးဆက်သစ် ဆရာ၊ ဆရာမများကို လက်ဆင့်ကမ်း ပေးနေခြင်း ဖြစ်ပါသည်။

ဂ-၃။ မြန်မာနိုင်ငံ ဓမ္မကျောင်းတော်ထွန်းကားပြန့်ပွားရေးဗဟို

ရည်ရွယ်ချက်

“တိုင်းပြည်၏အနာဂတ်ကို ပိုင်ဆိုင်ထားကြသည့် လူငယ်မောင်မယ်များ

ယဉ်ကျေးလိမ္မာပြီး စာရိတ္တမဏ္ဍိုင် မြင့်မားကာ အမျိုး ဘာသာ သာသနာတော်ကို ချစ်မြတ်နိုးတတ်သည့်

လူတော်လူကောင်းများ ပေါ်ထွန်းလာစေရန် ရည်ရွယ်ပါသည်”

ဖွင့်လှစ်ရခြင်းအကြောင်း

မြန်မာနိုင်ငံဓမ္မကျောင်းတော် ထွန်းကားပြန့်ပွားရေးဗဟို၏ ဦးဆောင်လမ်းညွှန်မှုဖြင့် နိုင်ငံတစ်ဝန်း ဓမ္မကျောင်းတော်များ ဖွင့်လှစ်ရခြင်းအကြောင်းမှာ ယနေ့ ဗုဒ္ဓဘာသာဝင်လူငယ်မောင်မယ်တို့သည် ခေတ်စနစ်များ၏ အခြေအနေအရပ်ရပ်တို့ကြောင့် ဘုန်းတော်ကြီးကျောင်းများသို့ မရောက်ကြတော့ပါ။ မိဘများကလည်း ကျောင်းသင် ဘာသာရပ်များ တစ်ခုပြီးတစ်ခု တတ်စေချင်ပြီး စာမေးပွဲကို အမှတ်ကောင်းကောင်းဖြင့် အောင်မြင်စေချင်ကြသောကြောင့် ကျူရှင်များကိုသာ အဆက်မပြတ် ပို့နေကြပါသည်။ စာမေးပွဲ တစ်နှစ်ပြီးပြန်လျှင် ကွန်ပျူတာသင်တန်းများ၊ နိုင်ငံခြားဘာသာစကား သင်တန်းများကို တက်ခိုင်းပြန်ပါသည်။ ထို့ကြောင့် ကလေးသူငယ်များသည် ဘုန်းကြီး ကျောင်းနှင့် တဖြည်းဖြည်း ဝေးကွာ၍ ဝေးကွာ၍သာ လာခဲ့ကြပါသည်။


မိဘများကလည်း သားငယ် သမီးငယ်များ လိမ္မာယဉ်ကျေးစေနိုင်မည့် သင်ခန်းစာများကို သင်ကြားရန် မအားလပ်၍သော်လည်းကောင်း၊ မကျွမ်းကျင်၍သော်လည်းကောင်း မျက်ခြည်ပြတ်နေကြပါသည်။ သားသမီးများ မနိုင်မနင်းဖြစ်ကာ ဆိုးသွမ်းလာသောအခါတွင်မူ မိဘများ ရင်ကျိုးကြရပါသည်။ ထို့ကြောင့် အချိန်မနှောင်းသေးမီ မျိုး ဆက်သစ်ရင်သွေးငယ်လေးများ၏ရင်ထဲ အမျိုး ဘာသာ သာသနာတော်ကို ချစ်ခင်မြတ်နိုးတတ်သည့် စိတ်ဓာတ် ပျိုးထောင်ပေးနိုင်ရန် နိုင်ငံတစ်ဝန်း ဓမ္မကျောင်းတော်များ ဖွင့်လှစ်ရခြင်း ဖြစ်ပါသည်။

ဓမ္မကျောင်းတော် ဖွင့်ရန်နည်းလမ်း

ရပ်ကွက် ကျေးရွာများမှ ဆရာတော် သံဃာတော်များနှင့် ရပ်မိရပ်ဖတို့က ဓမ္မကျောင်း တော် ဖွင့်လှစ်နိုင်ရန် သင့်တော်သည့်နေရာကို ဦးစွာ ရွေးချယ်ရပါမည်။
ဝါသနာပါပြီး သင်ကြားပြသပေးနိုင်သည့် အရည် အချင်း ပြည့်ဆရာ၊ ဆရာမများ ရှိရပါမည်။ သင်ကြားရေး ဆရာ၊ ဆရာမများကို နေပြည်တော်ယဉ်ကျေးလိမ္မာ နည်းပြဆရာဖြစ်သင်တန်းသို့ စေလွှတ်ပြီး သင်တန်းတက် ရောက်ရပါမည်။ နေပြည်တော်သင်တန်းတွင် သင်ကြားရမည့် နည်းလမ်းများသာမက ကျောင်းဖွင့်ရမည့် နည်း လမ်းများကိုပါ ပညာရေးဌာနမှ အငြိမ်းစား ဆရာကြီး၊ ဆရာမကြီးများက သင်ကြားပေးပါသည်။

ဓမ္မကျောင်းတော်များဖွင့်ရန် ရံပုံငွေ

မိမိတို့၏ ရပ်ကွက်ကျေးရွာများရှိ ဘုန်းတော်ကြီး ကျောင်းများတွင် အစိုးရကျောင်းပိတ်ရက်ဖြစ်သည့် တနင်္ဂနွေနေ့၌ ရင်သွေးငယ်များကို စုဝေးကာ ဗုဒ္ဓစာပေ သင်ကြားပေးခြင်းဖြစ်သဖြင့် အကုန်အကျ အထူးများ ပြားခြင်းမရှိပါ။ မြန်မာနိုင်ငံ ဓမ္မကျောင်းတော် ထွန်းကားပြန့်ပွား ရေးဗဟိုမှလည်း ချို့တဲ့သည့်ကျေးရွာများရှိ ဓမ္မကျောင်းတော်များအတွက် Vinyl ဆိုင်းဘုတ်များ၊ ဓမ္မကျောင်းတော် ဖတ်စာအုပ်များကို အခါအားလျော်စွာ လှူဒါန်းပေးလျက်ရှိပါသည်။ ကလေးများအတွက် မုန့်၊ အာဟာရလှူဒါန်းရန် အလှူရှင်များလည်း အပတ်စဉ် ရှိနေတတ်ပါသည်။

ရင်သွေးငယ်များဆိုင်ရာ သင်တန်းများ

(က) တနင်္ဂနွေဓမ္မကျောင်းတော် သင်တန်းကို အပတ် စဉ် သင်ကြားပေးခြင်း၊
(ခ ) နွေရာသီတွင် ကိုရင်၊ သီလရှင်ဝတ်ဖြင့် တက် ရောက်သင်ယူရသည့် ယဉ်ကျေးလိမ္မာ သင်တန်း များ ဖွင့်လှစ်ခြင်း၊
(ဂ ) နွေရာသီကျောင်းပိတ်ရက် ယဉ်ကျေးလိမ္မာ ရက်တို၊ ရက်ရှည် သင်တန်းများ ဖွင့်လှစ်ပေးခြင်း၊
(ဃ) ဝန်ကြီးဌာနများနှင့် ပုဂ္ဂလိက၊ အစိုးရစာသင် ကျောင်းများ၏ အခါအားလျော်စွာ တင်ပြ တောင်းဆိုမှုအရ ယဉ်ကျေးလိမ္မာသင်တန်းများ ဖွင့်လှစ် သင်ကြားပေးခြင်း၊
(င ) ယဉ်ကျေးလိမ္မာ လူငယ်နည်းပြသင်တန်းများ ဖွင့်လှစ်ပေးခြင်း၊
(စ ) မြန်မာနိုင်ငံလုံးဆိုင်ရာ သုတစုံလင်ဗုဒ္ဓဝင်ပြိုင်ပွဲ ကျင်းပပေးခြင်း၊
(ဆ) ကျောင်းသား၊ ကျောင်းသူ လူငယ်တစ်ဦးချင်းစီ၏ အရည်အချင်းအားလျော်စွာ အသက်မွေးဝမ်းကျောင်းမှုဆိုင်ရာ သင်တန်း များ သင်ကြားပေးခြင်းနှင့်
(ဇ ) မိဘချို့တဲ့သည့်လူငယ်များအား တက္ကသိုလ်ပညာ နှင့် အထက်တန်း၊ အလယ်တန်းကျောင်းပညာ များကို သင်ကြားနိုင်ရန် ထောက်ပံ့ပေးခြင်းတို့ ဖြစ်ပါသည်။

ကိုဗစ်-၁၉ ကပ်ရောဂါဘေးကာလ သင်တန်းများ

ကိုဗစ်-၁၉ ကပ်ရောဂါ ဘေးကာလတွင် လူအများ စုဝေးခွင့်မရှိတော့သဖြင့် သင်တန်းများနှင့် အစည်းအဝေးများကို Zoom application ကိုသုံးပြီး video conferencing system လည်း ပုံမှန်ကျင်းပနိုင်ခဲ့ပါသည်။
၁။ ပဋ္ဌာန်းတရာတော်နှင့် ကျွန်ုပ်တို့၏ နေ့စဉ်ဘ၀ သင်တန်း (ညစဉ်)
၂။ နည်းပညာခေတ် လူငယ်တို့၏ အနာဂတ် သင်တန်း (တစ်လနှစ်ကြိမ်)
၃။ ဓမ္မကျောင်းတော် ဆရာ၊ ဆရာမ မွမ်းမံသင်တန်း (တစ်ပတ်တစ်ကြိမ်)
၄။ ဓမ္မကျောင်းတော်ဆရာဖြစ်သင်တန်း
၅။ နေပြည်တော်ယဉ်ကျေးလိမ္မာစင်တာ၏ ပုံမှန် အစည်းအဝေးများ
၆။ မြန်မာနိုင်ငံလုံးဆိုင်ရာ ဗုဒ္ဓဘာသာယဉ်ကျေး လိမ္မာ ပြန့်ပွားရေးဗဟိုအဖွဲ့၏ အစည်းအဝေးများ
၇။ Dhammatrainingcenter ၏ သင်တန်းနှင့် အစည်းအဝေးများ
၈။ ကပ္ပိယဟောင်းများ တွေ့ဆုံဆွေးနွေးပွဲ (တစ်နှစ် လျှင်နှစ်ကြိမ်)

နိုင်ငံတစ်ဝန်း ဖွင့်လှစ်ခဲ့ပြီးသမျှ သင်တန်းနှင့် ကျောင်းများ

အခြေခံဗုဒ္ဓဘာသာယဉ်ကျေးမှု နည်းပြဆရာဖြစ် သင်တန်းများ၊ ဆရာ၊ ဆရာမ မွမ်းမံသင်တန်းများ၊ နယ် လှည့်သင်တန်းများ၊ ဝန်ကြီးဌာနများနှင့် ပုဂ္ဂလိကကျောင်းများမှ တင်ပြတောင်းခံလာသည့် သင်တန်းများနှင့် လူငယ်သင်တန်းများစွာကို ဖွင့်လှစ်ခဲ့ရာ ၂၀၂၁-ခုနှစ်၊ ဧပြီလ (၃၀)ရက်နေ့ထိ သင်တန်းအကြိမ်ပေါင်း (၉၁၉-ကြိမ်) ပို့ချခဲ့ပြီး ဖြစ်ပါသည်။ ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးမှ သင်တန်းသူ၊ သင်တန်းသား ဆရာ၊ ဆရာမ စုစုပေါင်း (၆၄,၀၃၃)ဦး သင်တန်းတက်ရောက်ခဲ့ပြီး ဖြစ်ပါသည်။


၂၀၀၈-ခုနှစ် ဧပြီလ (၁)ရက်က နေပြည်တော်တွင် စတင်၍ ဖွင့်လှစ်ခဲ့သည့် ဓမ္မကျောင်းတော်မှသည် ယခုအခါ နိုင်ငံတစ်ဝန်း ဓမ္မကျောင်းတော်ပေါင်း (၁,၃၁၁) ကျောင်း ဖွင့်လှစ်ကာ သာသနာပြုလျက်ရှိပါသည်။

Dhamma Foundation

၂၀၀၉-ခုနှစ်၌ သာသနာပြု ပရဟိတလုပ်ငန်းကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် ဓမ္မဖောင် ဒေးရှင်း Dhamma Foundation ကို ဆရာတော်၏ တပည့်ဒါယကာ ယောဂီဟောင်းများဖြင့် စတင်ဖွဲ့စည်းတည်ထောင် နိုင်ခဲ့ပါသည်။
ယောဂီတပည့်များရှိရာ မြို့နယ်များသို့ ကြွရောက်ချီးမြှင့်ကာ တရားဆွေးနွေးပွဲဝိုင်းများ၊ ရက်တို တရားစခန်းများ ပြုလုပ်ပေးပြီး ယဉ်ကျေးလိမ္မာ ဆရာ၊ ဆရာမ မွမ်းမံသင်တန်းများကိုလည်း အခါအားလျော်စွာ ဖွင့်လှစ်ပေးခဲ့ပါသည်။ စာတော်၍ အတန်းကျောင်းပညာ ဆက်မတက်နိုင်သော ကလေးသူငယ်များကို ကျောင်း ထားပေးကာ ပညာပါရမီဖြည့်သည့် လုပ်ငန်းများကို ဆောင်ရွက်ခဲ့ပါသည်။

၂၀၂၁-ခုနှစ်အထိ အင်ဂျင်နီယာ (BE) ဘွဲ့ရ (၃)ဦး၊ နည်းပညာ (B.Tech) ဘွဲ့ရ (၃)ဦး၊ ဝိဇ္ဇာသိပ္ပံဘွဲ့ရ (၃)ဦး၊ (THS) ကျောင်းသား (၂)ဦး၊ AGTI ဒီပလိုမာဘွဲ့ရ (၄)ဦး၊ အခြေခံပညာ အထက်တန်းအောင် (၉)ဦးနှင့် မိမိတို့ စိတ်ဝင်စားရာ သက်မွေးမှုပညာ ကျွမ်းကျင် တတ်မြောက်သွားသူ (၂၅)ဦး ရှိပါသည်။
လက်ရှိ အခြေအနေတွင်လည်း အခြေခံ ပညာ အထက်တန်းကျောင်းသား (၇)ဦး၊ တက္ကသိုလ်ကျောင်းသား (၆)ဦး၊ နည်းပညာတက္ကသိုလ်ကျောင်းသား (၂)ဦး ပညာသင်ယူနေဆဲဖြစ်ပြီး သက်မွေးမှုပညာ သင်ယူနေသူ (၆)ဦး ရှိပါသည်။

ရန်အောင်မြင်တောရ (မြို့တော်ဝန်ကျောင်း) ၏ စီမံခန့်ခွဲမှုနှင့် ရုံးလုပ်ငန်းများ

(က) မြန်မာနိုင်ငံလုံးဆိုင်ရာ ဝိနယဝံသပါလအသင်း၏ အဘိဝိနယာစရိယစာမေးပွဲ ကျင်းပရေးအတွက် စီမံခန့်ခွဲရေးနှင့် ရုံးလုပ်ငန်းများ
(ခ ) ရန်အောင်မြင်တောရကျောင်း၏ စီမံခန့်ခွဲမှုနှင့် ရုံးလုပ်ငန်းများ
(ဂ ) မြန်မာနိုင်ငံလုံးဆိုင်ရာ ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာ ပြန့်ပွားရေးအဖွဲ့ (ဗဟိုအလုပ်အမှုဆောင် အဖွဲ့အတွင်း ရေးမှူး ဆရာတော်၏ စီမံခန့်ခွဲမှုနှင့် ရုံးလုပ်ငန်းများ)
(ဃ) နေပြည်တော်ယဉ်ကျေး လိမ္မာစင်တာ၏ စီမံခန့်ခွဲမှုနှင့် ရုံး လုပ်ငန်းများ
(င ) မြန်မာနိုင်ငံ ဓမ္မကျောင်းတော်ထွန်းကားပြန့်ပွားရေးဗဟို၏ စီမံခန့်ခွဲမှုနှင့် ရုံးလုပ်ငန်းများ
(စ ) နိုင်ငံတစ်ဝန်း ဖွင့်လှစ်ထားရှိသည့် ဓမ္မကျောင်း တော်များ၏ အခက်အခဲများနှင့် လိုအပ်ချက်များကိုလည်း ဤရုံးမှ ညှိနှိုင်းကူညီဖြေရှင်းကာ စောင့်ရှောက်ပေးနေပါသည်။

(ဆ) ညီတော် နောင်တော် မိတ်ဘက် အဖွဲ့အစည်းတို့၏ နှစ်ပတ်လည်ပွဲများ၊ ညီလာခံများ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက်လည်း ဤရုံးမှလိုအပ်သလို ပံ့ပိုးကူညီဆောင် ရွက်ပေးလျက်ရှိပါသည်။
(ဇ ) ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာ နည်းပြဆရာဖြစ် သင်တန်းများ၊ မွမ်းမံသင်တန်းများ၊ နယ်လှည့် သင်တန်းများ၊ လူငယ်သင်တန်းများ၊ ဌာနဆိုင်ရာများမှ ဖိတ်ကြားသည့် သင်တန်းများ၊ ညီလာခံများ၊ နှစ်ပတ်လည်ပွဲများ စသည်ကို လစဉ်၊ အပတ်စဉ် ကျင်းပနိုင်ရန် စီမံချက်များ၊ အချိန်ဇယားများရေးဆွဲကာ နိုင်ငံတစ်ဝန်းသို့ ဆက်သွယ်ကာ ဤရုံးမှ စီမံဆောင်ရွက်လျက် ရှိပါသည်။

ရန်အောင်မြင်တောရ (မြို့တော်ဝန်ကျောင်း)၏ မီဒီယာဆိုင်ရာ လုပ်ငန်းတာဝန်များ

(က) ကျောင်း၏ ပရိယတ် ပဋိပတ် နှင့် သာသနာပြု ပရဟိတလုပ်ငန်းများ ဆောင်ရွက်မှုများကို နှစ်စဉ်ကြေး ပေးသွင်းပြီး ငှါးရမ်းထားသည့် ကိုယ်ပိုင် website www.dhammatrainingcenter.com နှင့် www.facebook.com/dhammaschool.ykt ပေါ်သို့ သတင်းများ၊ ဓါတ် ပုံများ၊ သိမှတ်စရာများ ကို ပုံမှန်တင်ပေးလျက်ရှိပါသည်။
(ခ) သတင်းစာ၊ ရေဒီယို၊ ရုပ်မြင်သံကြားတို့မှလည်း သာသနာပြုလုပ်ငန်းအရပ်ရပ်ကို အခါအားလျော်စွာ ဖော်ပြပေးလျက်ရှိပါသည်။

(ဂ ) ရန်ကင်းတောရဆရာတော်မှ စာပေများရေးသား၍လည်း အများပြည်သူတို့အား ဓမ္မရေးရာသုတများကို မျှဝေပေးနေရာ ယနေ့အချိန်အထိ စာအုပ်ပေါင်း (၄၀) အုပ်ကို ရေးသားတော်မူပြီး အုပ်ရေစုစုပေါင်း တစ်သန်းခွဲကျော် ပုံနှိပ်ဖြန့်ချီ နိုင်ခဲ့ပြီးဖြစ်ပါသည်။ ဆရာတော်၏ စာအုပ်များကို ဓမ္မရေးရာ မဂ္ဂဇင်း အယ်ဒီတာများကလည်း အပိုင်း လိုက်ခွဲခြားကာ လစဉ်ဖော် ပြပေးလျက်ရှိပါသည်။ (ဆရာတော်သည် စာကိုရေးသားပြီး သေသပ်ကောင်း မွန်သည့်စာအုပ် ဖြစ်လာသည်အထိ ကြောင့်ကြ စိုက်တော်မူပါသော်လည်း ဉာဏ်ပူဇော်ခ၊ စာမူခများကိုမူ လုံး၀ လက်ခံတော်မူခြင်းမရှိပါ)

ရန်အောင်မြင်တောရကျောင်း (မြို့တော်ဝန်ကျောင်း)

ဗုဒ္ဓမြတ်စွာသာသနာတော် အဓွန့်ရှည်တည်တံ့ရေးအတွက်

ဆရာထက်တော်သည့် တပည့်များ ပေါ်ထွန်းလာစေရန် ရည်မျှော်မှန်း

ရန်အောင်မြင်တောရကျောင်း၌ သီတင်းသုံးတော်မူကြသည့် ရဟန်းတော်တို့သည် မြတ်ဗုဒ္ဓ၏ ဝိနည်း ဥပဒေတော်ကြီးကို အစဉ်အမြဲ ဦးထိပ်ပန်ဆင်၍ တသွေမတိမ်း လိုက်နာတော်မူကြပါသည်။ ငွေကို မကိုင်ကြပါ။ ကွမ်း၊ ဆေးလိပ် မသုံးဆောင်ကြ ပါ။ ညစာ စားခြင်း၊ ရုပ်ရှင်ပြဇာတ် ကြည့်ခြင်း မပြုကြပါ။ ဆွမ်းခံချိန်မှအပ အကြောင်းမဲ့ ရပ်ရွာထဲ ကြွသွားခြင်း မပြုကြပါ။ သာရေးနာရေး စသည့် ကိစ္စရပ်များ၌ ပါဝင်ခြင်း မပြုကြပါ။

မိမိတို့၏ ပဓာနတာဝန်ဖြစ်သည့် ဝိပဿနာတရားအားထုတ်ခြင်း၊ စာပေပရိယတ္တိ သင်အံလေ့ကျင့်ခြင်း၊ ဓုတင်ဆောင်ခြင်း၊ ကမ္မဋ္ဌာန်းအားထုတ်ခြင်း၊ တပည့်များအား ကမ္မဋ္ဌာန်းတရားအားထုတ်နိုင်ရန် သင်ပြပေးခြင်းနှင့် စာပေရေးသားပြုစုခြင်း စသည့် များပြားလှစွာသော သာသနာ့တာဝန်များကို ထမ်းဆောင်တော်မူလျက် ရှိကြပါသည်။

ထို့အပြင် သာသနာတော် အဓွန့်ရှည်ရေးအတွက် တိုင်းပြည်၏အနာဂတ်ကို ပိုင်ဆိုင်ထားကြသည့် ယနေ့ လူငယ်မောင်မယ်များ ယဉ်ကျေးလိမ္မာပြီး စာရိတ္တမဏ္ဍိုင်မြင့်မားကာ အမျိုးဘာသာသာသနာတော်ကို ချစ်မြတ်နိုး တတ်သည့် လူတော်၊ လူ ကောင်းများ ပေါ်ထွန်းလာစေရန် ရည်ရွယ်ပြီး နိုင်ငံတစ်ဝန်း ဓမ္မကျောင်းတော်များ ဖွင့်လှစ်ကာပရဟိတ သာသနာပြုလုပ်ငန်းတာဝန်ကိုလည်း ထမ်းဆောင်လျက် ရှိပါသည်။

သင်တန်းများ ဖွင့်လှစ်နိုင်သည့် အခြေအနေ

နေပြည်တော်ယဉ်ကျေးလိမ္မာစင်တာကို တည်ထောင်ထားပြီး သင်တန်းများကို (၂၀၀၈)ခုနှစ် ဧပြီလ (၁)ရက်မှ စတင် ဖွင့်လှစ်ပို့ချလာခဲ့ပါသည်။ (၂၀၂၁) ခုနှစ် ဧပြီလ (၃၀)ရက်နေ့အထိ ဖွင့်လှစ်နိုင်ခဲ့သည့် သင်တန်းစုစုပေါင်း (၁,၄၈၃)ကြိမ်၏ သင်တန်းအမျိုး အစား၊ တက်ရောက်ခဲ့သူဦးရေကို အောက်ပါအတိုင်း ဇယားဖြင့် အသေးစိတ် ဖော်ပြအပ်ပါသည် –

ရန်အောင်မြင်တောရဘုန်းတော်ကြီးကျောင်း (မြို့တော်ဝန်ကျောင်း) သမိုင်း

နေပြည်တော် ဒက္ခိဏသီရိမြို့နယ်၊ ဒက္ခိဏသီရိရပ်ကွက်၊ ဦးပိုင်အမှတ် (B-9) ရှိ မြေဧရိယာ (၁၁.၅၃၁) ဧကကို “ရန်အောင်မြင်တောရဘုန်းတော်ကြီးကျောင်းမြေ” အဖြစ် နေပြည်တော် မြို့တော်ဝန်မှ လှူဒါန်းခဲ့ပြီး နောက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ (၈၊၃၊၂၀၁၆) ရက်စွဲပါ အမိန့်ကြော်ငြာစာ အမှတ် (၂၃/၂၀၁၆) ဖြင့် အခွန်လွတ် သာသနာ့မြေဂရန် ထုတ်ပေးခဲ့ပါသည်။


ရန်အောင်မြင်တောရဘုန်းတော်ကြီးကျောင်း၏ သာသနာပြုလုပ်ငန်းများ၊ ဝိနည်းစာတော်ပြန် ပွဲများနှင့် ဝိနည်းစာသင်တိုက်၏လုပ်ငန်းများ၊ နေပြည်တော်ယဉ်ကျေးလိမ္မာစင်တာ၏ သာသနာပြုလုပ်ငန်းများ ကြီးမား ကျယ်ပြန့်လာသဖြင့် ၂၀၁၉-ခုနှစ်၊ ဇန်ဝါရီလ (၂၁)ရက်စွဲပါစာဖြင့် ရေကန်ကြီး၏မြောက်ဘက် တစ် ဆက်တစ်စပ် တည်းရှိသော မြေဧရိယာ (၉.၃၆) ဧကကို မင်းအစိုးရမှ လှူဒါန်းခဲ့သဖြင့် ရေကန်ကြီးအပါအဝင် ကျောင်းမြေဧရိယာ စုစုပေါင်း (၂၀.၈၉၁) ဧကရှိပါသည်။

ကျောင်း၏အမည် ရန်အောင်မြင်

နေပြည်တော် မြို့တော်ဝန်ကြီးများက လှူဒါန်းခဲ့သော ကျောင်းနှင့်ကျောင်းမြေ ဖြစ်ပါသောကြောင့် ရန်အောင်မြင်တောရကျောင်း (မြို့တော်ဝန် ကျောင်း) အမည်ဖြင့် ထင်ရှားလာခြင်း ဖြစ်ပါသည်။

ဝေဟင်ပေါ်၌ ကျောင်းလှူဒါန်းသည့်အလှူ

ရန်အောင်မြင်တောရကျောင်း စတင်ပေါ်ပေါက်လာပုံကလည်း အလွန်ပင် စိတ်ဝင်စားဖွယ် ကောင်းလှပါသည်။
ဖြစ်စဉ်မှာ ဆရာတော် ရန်ကုန်ကအပြန် နေပြည်တော်မြို့တော်ဝန်ကြီးနှင့် လေယာဉ်ပျံပေါ်၌ စင်္ကြံလမ်း ခြားကာ ဘေးခြင်းယှဉ်လျက် တွေ့ဆုံကြပါသည်။


ခင်မင်ရင်းနှီးသည့် ဆရာ ဒကာဆက်ဆံရေး ရှိပြီးဖြစ်သည့်အပြင် ဆရာတော်၏ စာဖတ်ပရိသတ် များလည်း ဖြစ်ကြသဖြင့် သာသနာတော်ရေးရာ အပါ အဝင် စာပေရေးရာ အဖြာဖြာများကိုပါ လျှောက်ထား ဆွေးနွေးကြပါသည်။ ထိုစဉ်အခိုက် ဆရာတော် အေးအေးချမ်းချမ်းစာရေးနိုင်ရန် ဆိတ်ငြိမ်သာယာသည့် တောင်ကုန်းလေးပေါ်၌ ရေကန်ကြီး ပါဝင်သည့် ကျောင်းမြေနှင့်တကွ စံကျောင်းတော်ကို တပည့်တော်တို့မိသားစု လှူဒါန်းလိုပါသည်ဟု မြို့တော်ဝန်ကြီးက လျှောက်ထား လှူဒါန်းပါသည်။ ဤသာသနာတော်၌ မြေပြင်ပေါ်ရှိ ကျောင်း၊ ကန် အပါအဝင် သာသနိကဆိုင်ရာ မြေယာတို့ကို ဝေဟင်ပေါ်၌ လှူဒါန်းသည့်အလှူဒါနမျိုး ရှိအံ့ပင် မထင်ပါ။

ဇယမင်္ဂလာ စေတီတော်

ထို့နောက် ကျောင်းဆောက်၊ ကွန်ကရစ်လမ်းဖောက်၊ တံတားဆောက်ရုံမျှမက ဆရာတော်အတွက် ကိလေသာရန်အပေါင်း အောင်ကြောင်းနှင့် ဒါယကာ ဒါယိကာမများအတွက် ပကတိရန်အောင်မြင်စေကြောင်း အတိတ်နိမိတ်ယူကာ ရွှေတိဂုံပုံတူ ဇယမင်္ဂလာစေတီတော်ကို ဆရာဒကာ စုပေါင်းတည်ထားကြပါသည်။


အလှူရှင်နှင့် အလှူခံပုဂ္ဂိုလ်တို့၏ အင်္ဂါများ ပြည့်စုံသောအလှူ ဖြစ်ပါသည်။ အလှူရှင်အနေဖြင့် သီလဖြူ စင်ခြင်း၊ အလှူပစ္စည်းသည် ဓမ္မိယလဒ္ဓဖြစ်ခြင်း၊ ပေးလှူနေစဉ် ဝမ်းမြောက်ဝမ်းသာစိတ်ရှိခြင်း၊ ကံနှင့် ကံ၏အကျိုးကို ယုံကြည်ခြင်းနှင့် အလှူခံပုဂ္ဂိုလ်အနေဖြင့် သီလပြည့်စုံခြင်း ဟူသော အင်္ဂါငါပါးနှင့် ပြည့်စုံနေသဖြင့် တပည့် ဒါယကာ၊ ဒါယိကာမများက ဝမ်းမြောက်အနုမော် သာဓုခေါ်ကြရပါသည်။

ရေလျှံတွင်းပေါ်ပေါက်လာ

မြို့တော်ဝန်ကြီးလှူဒါန်းသည့် ဤတောင်ကတုံးကြီးပေါ်တွင် ပေ-၄၆၅ တူးပြီး ရေထွက်လာပါသည်။ ထိုရေသည် ထုံးဓာတ်လည်းကင်း၊ သံဓါတ်လည်းကင်းရုံမက Ph. 7.3 ရှိနေပါသည်။ ထို့ပြင် မြေအောက် မှရေသည် မြေပြင်အထက် ၅-ပေအထိ တက်လာ ပါသည်။
တစ်ဖန် နောက်တစ်နှစ်ခန့် အကြာတွင် ပျဉ်းမနားမြို့မှ ဒေါ်ခင်မာကြူ နှင့် မောင်နှမများက စက်ရေတွင်း တစ်တွင်း ထပ်မံတူးဖော်လှူဒါန်းရာ ရေလျှံတွင်း ဖြစ်လာပါသည်။ သစ်ပင်တစ်ပင်မှ မရှိရုံမက ကျိုးပြတ်နေသည့် တောင်ခါးပြတ်ထိပ်က ရေလျှံတွင်းမှ တစ်နာရီ ရေဂါလံ-၁၀၀၀ ထွက်နေသည်မှာ နှစ်နှစ်ခန့် ရှိလာပါသည်။

ရှေးရှေးဘဝများကလည်း ဆရာဒကာ

ဆရာတော်သီတင်းသုံးတော်မူသည့် စံကျောင်းတော်ရှိ ဘုရားပလ’င်တော်အောက်တည့်တည့်တွင် ရှေးရှေး နှစ်ပေါင်းများစွာကာလက တည်ထားခဲ့သည့် ရွှေစေတီတော် တစ်ဆူရှိကြောင်းနှင့် ထိုစေတီတော်၏ ဆရာဒကာတို့မှာ ယခုဘ၀ ဆရာဒကာများပင်ဖြစ် ကြောင်းကို သမာဓိစွမ်းအားဖြင့် သိနိုင်စွမ်းသူတို့မှ တဆင့် ကုသိုလ်အဆက်ကို ဖော်ထုတ်ပေးသဖြင့် အံ့သြဖွယ်သိရှိခွင့် ရရှိခဲ့ပါသည်။

မှော်ဘီရွှေဥမင်တောရမှသည် လယ်ဝေးရန်ကင်းတောရသို့

ရန်ကင်းဆရာတော်သည် ရဟန်းဝါငယ်စဉ် ကာလက ကျေးဇူးတော်ရှင် ရွှေဥမင်ဆရာတော်ထံပါး သီတင်းသုံးတော်မူပြီး သာသနာတော်၌ ရဟန်းတစ်ပါး သင်ယူသင့်သည်တို့ကို သင်ယူနေစဉ်၌ပင် ဆရာသခင် လွန်တော်မူခဲ့ပါသည်။

ထို့ကြောင့် ဓမ္မအမွေခံယူလိုသည့် မိမိ၏ဆရာ သခင်မရှိတော့သဖြင့် ဆရာတော်နေရာချပေးတော်မူထားသည့် မှော်ဘီရွှေဥမင်ကျောင်းကိုလည်း အာလယပြတ်ထားခဲ့ပြီး ရန်ကုန်မြေကိုလည်း အပြီးတိုင် စွန့်ခွာတော်မူခဲ့ပါသည်။
ထို့နောက် ပျဉ်းမနား၊ လယ်ဝေးမြို့တို့မှ ဒါယကာတို့၏ ပင့်လျှောက်မှုနှင့် နဘူးကျင်းဆရာတော်ဘုရားကြီး၏ ချီးမြှောက်မှုကြောင့် ရန်ကင်းတောရသို့ ၂၀၀၂-ခုနှစ်၊ ဒီဇင်ဘာလတွင် သပိတ်တစ်လုံး သင်္ကန်းသုံးထည်ဖြင့် ကြွရောက်တော်မူလာခြင်း ဖြစ်ပါသည်။

ရန်ကင်းတောရကျောင်း၊ သပြေပင်

အာရညကင် ဓူတင်ကို မြတ်နိုးတော်မူကြသည့်

ဓုတင်္ဂဓရ ဝိနယဂရုက လဇ္ဇီပေသလ သိက္ခာကာမ သကျပုတ္တ အရှင်မြတ်ကြီးများ

ချမ်းသာစွာ သီတင်းသုံးတော်မူခဲ့ကြသည့်ဌာန

မြန်မာသက္ကရာဇ် ၁၂၉၂ – ခုနှစ် ဗီ ၁၉၃၀-ခုနှစ် တွင် လယ်ဝေးမြို့နယ် သပြေပင်ကျေးရွာမှ ဒါယကာ ဦးဖိုးစိန်၊ ဒါယိကာမ ဒေါ်ခင်လေးတို့ပိုင်ဆိုင်သည့် ယာမြေကို ညောင်လွန့်ဆရာတော်ကြီး၏ ဥပနိဿယခံ ဘဒ္ဒန္တကေလာသထေရ်ရှင်မြတ်အား တောရကျောင်းအဖြစ် လှူဒါန်းခဲ့ရာမှ ရန်ကင်းတောရဟု အမည်တွင်လာခဲ့ခြင်း ဖြစ်ပါသည်။


မြန်မာနိုင်ငံ လွတ်လပ်ရေးမရမှီ ဒုတိယကမ္ဘာစစ်ကြီးများပင် မဖြစ်ခင်ကာလက စတင်ထူထောင်ခဲ့သော ဤတောရကျောင်းသည် ၁၉၈၀-ပြည့် လွန်နှစ်များထိတိုင် တောရအင်္ဂါနှင့် လွန်စွာမှ ပြည့်စုံညီညွတ်ခဲ့ဖူးသဖြင့် အာရညကင် ဓူတင်ကို မြတ်နိုးတော်မူကြသည့် ဓုတင်္ဂဓရ ဝိနယဂရုက သကျပုတ္တ အရှင်မြတ်ကြီးများ ချမ်းသာစွာ သီတင်းသုံး တော်မူခဲ့သည့်ဌာန ဖြစ်ပေသည်

ရန်ကင်းတောရကျောင်း၏ တည်နေရာ

လယ်ဝေးမြို့နယ် သပြေပင်စံပြကျေးရွာ၏ တောင်ဘက် မလှမ်းမကမ်း တောင်တန်းပေါ်၌ တည်ရှိပါသည်။ ရှေးရှေးကာလမှသည် ယနေ့ထိတိုင် ဝိနည်းသီလအရာတွင် အထူးအလေးဂရုပြုတော်မူလေ့ရှိသည့် ဝိနယဂရုက လဇ္ဇီပေသလသိက္ခာကာမ မထေရ်မြတ်ကြီးတို့သည် ဤရန်ကင်းတောင်ပေါ်တွင် အစဉ်အဆက် သီတင်းသုံးတော် မူခဲ့ကြပါသည်။


ကျောင်းတိုက်တည်ပြီး (၈)နှစ်အကြာ AD ၁၉၃၈-ခု နှစ်၌ သာသနာတော်တွင် နေလပမာထင်ရှားတော်မူ သည့် ညောင်လွန့်တောရဆရာတော်ဘုရားကြီးနှင့် သံဃာတော်များ ကြွရောက်ကာ ရန်ကင်းတောရသိမ်ကို သမုတ်ပေးတော်မူခဲ့ပါသည်။

တစ်ဖန် ပြည်ထောင်စုမြန်မာနိုင်ငံတော်အစိုးရ၏ ၂၀၁၂-ခုနှစ် မေလ(၂၃)ရက်စွဲပါ သိမ်ခွင့်ပြုမိန့်စာအမှတ်၊ ၃၀၀/၁-၈/ဦး ၁(၁၉၀) ဖြင့် ဝိသုံဂါမသိမ် ခွင့်ပြုပေးခဲ့ပါ သောကြောင့် ယခုအခါ ရန်ကင်းတောရတွင် မင်းအစိုးရ က ခွင့်ပြုပေးသည့် ဝိသုံဂါမသိမ်နှင့် ညောင်လွန့်ဆရာတော်ကြီး ပဓာနဦးဆောင်တော်မူပြီး သမုတ်ခဲ့သည့် နယ်သိမ်း သိမ်ဟူ၍ သိမ်နှစ်မျိုးနှစ်စား ရှိနေပါသည်။

သာသနာ့တာဝန် ပုခုံးပြောင်း ထမ်းဆောင်တော်မူကြသည်

(၁) ပထမ ရန်ကင်းတောရဆရာတော် ဘဒ္ဒန္တကေလာသထေရ် (AD ၁၉၃၀ မှ ၁၉၃၃)

(၂) ဒုတိယ ရန်ကင်းတောရဆရာတော် ဘဒ္ဒန္တဉာဏိန္ဒထေရ် (AD ၁၉၃၄ မှ ၁၉၃၉)

(၃) တတိယ ရန်ကင်းတောရဆရာတော် ဘဒ္ဒန္တဥတ္တမထေရ် (AD ၁၉၄၀ မှ ၁၉၄၆)

(၄) စတုတ္တ ရန်ကင်းတောရဆရာတော် ဘဒ္ဒန္တနန္ဒိယထေရ် (AD ၁၉၄၇ မှ ၁၉၇၈)

(၅) ပဉ္စမ ရန်ကင်းတောရဆရာတော် ဘဒ္ဒန္တဓမ္မပါလထေရ် (AD ၁၉၇၉ မှ ၁၉၉၃)

(၆) ဆဋ္ဌမ ရန်ကင်းတောရဆရာတော် ဘဒ္ဒန္တနေမိန္ဒထေရ် (AD ၁၉၉၄ မှ ၂၀၀၉) နှင့်

(၇) သတ္တမ ရန်ကင်းတောရဆရာတော် ဘဒ္ဒန္တခေမာနန္ဒထေရ် (AD ၂၀၀၃ မှ ယနေ့တိုင်) ဖြစ်ပါသည်

လူငယ်များ၏ အနာဂတ်ဘ၀ ဖြောင့်တန်းစေသည့် အဆုံးအမကောင်းများကို

ရန်ကင်းဆရာတော်ထံပါးမှ ရရှိကြသည့် လူငယ်များ

“လူချမ်းသာတွေရဲ့ အရင်းနှီးတွေက ငွေကြေး ဥစ္စာ၊ လူဆင်းရဲတွေရဲ့ အရင်းအနှီးက ရိုးသားမှုပဲ” လို့ ဆရာတော်က မကြာမကြာ ဆုံးမဖူးပါတယ်။ မှတ်မှတ်ရရ အလုပ်တစ်ခုခိုင်းလိုက်တာ ကျွန်တော်က မေ့သွားတယ်၊ ဒါပေမယ့် ဆရာတော်က မှတ်မိနေတယ်။ လူကြားထဲ မေးခံရတဲ့အခါမှာ “တပည့်တော်ကိုခိုင်းတာ မလုပ်ဖြစ်သေးတာပါဘုရား” လို့ အမှန်တိုင်း အပြစ်ကို ဝန်ခံလိုက်တယ်။

အဲ့ချိန်မှာ “အေး ငါ့သား ခုလို အများရှေ့မှာ မင်းအပြစ်ဝန်ခံတာ ကောင်းတယ်၊ အဲ့ဒါ ရိုးသားတာလို့ ခေါ်တယ်ကွ”လို့ အမိန့်ရှိခဲ့ပါတယ်။ အဲ့ဒီ နောက်ပိုင်း ကျွန်တော် ရိုးရိုးသားသားနဲ့ နေတတ်အောင် လေ့ကျင့်လာပါတယ်။ ရိုးသားမှုကိုလည်း ပိုလို့ တန်ဖိုးထားတတ်လာပါတယ်။

တစ်ခါတုန်းကလည်း “ငွေနှင့် မိန်းမကိစ္စမှာ မင်း ကိုယ့်ကိုယ်ကို ထိန်းသိမ်းနိုင်ရင် ငါ့သားဘ၀ အောင်မြင် ပြီမှတ်”လို့ ကားပေါ်မှာ ဆရာတော့်ဆီက အဆုံးအမ ရဖူးပါသေးတယ်။ အခု ကျောင်းနှင့်ဝေးတဲ့အခါမှာလည်း အရင်ရခဲ့ ဖူးတဲ့ ဆရာတော့်အဆုံးအမကောင်းတွေကို လိုက်နာနေတဲ့အတွက် ဘဝတူချင်း၊ ရွယ်တူချင်းတွေရဲ့ ကြားထဲမှာ ကျွန်တော် ရဲရဲဝံ့ဝံ့ လက်မထောင်နိုင်ပါတယ် ခင်ဗျာ။

မောင်ကံကောင်း၊ B.A (Philo)
ရွှေသပြေပရဟိတ

ရွာကျောင်းမှာ အလယ်တန်းအောင် ပြီးနောက် အထက် တန်းကျောင်းတက်ဖို့ ရန်ကင်းဆရာတော် ထံပါးကို ရောက် လာပါတယ်။ ဆရာ တော်ဘုရားက ဒကာ၊ ဒကာမတွေ လာကန်တော့လို့ အကြောင်းတစ်ခုခုစပ်မိရင်

“ဒီ ကလေးက ပဲခူးရိုးမ ပေါ်က တောရွာလေးတစ်ရွာကနေ ဒီမှာ ကပ္ပိယ ကျောင်းသားလုပ်ရင်း ကျောင်းတက်နေတာ၊ သူ့ခမြာ အဖေလည်းမရှိတော့ဘူး။ အမေလည်း မရှိတော့ဘူး၊ သူ့အတွက် အဖေဆိုလည်း ဒီဘုန်ကြီးပဲ၊ အမေဆိုလည်း ဒီဘုန်ကြီးပဲ” လို့ မိန့်တော်မူတဲ့စကားကို ဒီကနေ့အချိန်ထိ နားထဲ ကြားယောင်နေမိပါတယ်။ မိဘနဲ့အိမ်မှာ နေခဲ့ရတဲ့ စိတ်ခံစားမှုမျိုးနဲ့ ဆရာတော့်ထံပါးက မေတ္တာရရှိမှု တို့ဟာ ကျနော့်အတွက် တစ်သားတည်းဖြစ်လာပါတယ်။

မှတ်မှတ်ရရ သတိရတာတစ်ခုရှိသေးတယ်။ ကျနော် ရန်ကင်းတောရဆရာတော်ထံပါးရောက်ပြီး ၃-ရက်မြောက်တဲ့နေ့မှာ ဦးဇင်းရန်ကုန်နဲ့ ကပ္ပိယအဖြစ် ကျွန်တော် ရန်ကုန်ကို လိုက်ခွင့်ရခဲ့ပါတယ်။ သွားတဲ့ အကြောင်းက ဦးဇင်းရန်ကုန်ရဲ့ခမည်းတော် ဘကြီး ဦးတင်ထွန်း နေမကောင်းဖြစ်လို့ပါ။ နောက်နေ့မနက် ကျနော် ကပ္ပိယအဖြစ်လိုက်ပြီး ဆေးရုံကို ဦးဇင်းနဲ့အတူ ဘတ်စ်ကားစီးပြီးသွားတာ ကျနော် ကားပေါ်အိပ်ပျော် သွားတယ်။ ဆင်းရမယ့်မှတ်တိုင်မှာ ဦးဇင်းဆင်းတာ လည်း ကျနော် မသိလိုက်ဘူး။ ဦးဇင်းက တက္ကစီငှားပြီး ကျနော့်ကို လိုက်ခေါ်ရတယ်။ ဆေးရုံရောက်တော့

“အဘရယ် သားအိပ်ပျော်ပြီး ဘတ်စ်ကားပေါ် ပါသွားတာ ဘယ်ရောက်မှန်းလည်း မသိတော့ဘူး၊ ဦးဇင်းလိုက် ခေါ်လို့သာ အခုလို ရောက်လာတာ” လို့ပြောလိုက်တော့ နေမကောင်းတဲ့ အဘက အားရပါးရရယ်မောပြီး “အောင်ပုဆိုတဲ့ကောင်ကတော့ကွာ” လို့ ပြောတယ်။ ဒီဖြစ်စဉ်ကို ကျနော် ဘယ်တော့မှ မမေ့ပါဘူးခင်ဗျား။

ကျွန်တော့်ဘဝရဲ့ တစ်နေ့တာ တစ်နေ့တာ လုပ်ငန်းခွင်ကို ရန်ကင်းတောရကရတဲ့ အဆုံးအမသြဝါဒ တွေနဲ့ပဲ ဖြတ်သန်းနေပါတယ်။ အဲဒီအဆုံးအမတွေကပဲ ကျွန်တော့်ကို လူဝင်ဆံ့စေခဲ့ပါတယ်။ အလုပ်လုပ်တာ ချင်း အတူတူ ကျွန်တော်လုပ်တဲ့ အလုပ်ကို သပ်ရပ်တယ်၊ သေချာတယ်လို့ ချီးကျူးခံရတိုင်း ကျွန်တော် အရမ်း ဝမ်းသာတယ်ခင်ဗျား။

ကျွန်တော်တို့ ရန်ကင်းတောရ ဆရာတော်က ” ကိုယ်လုပ်တဲ့အလုပ်ဟာ ကိုယ့်ရဲ့ စိတ်ဓာတ်နှင့် ကိုယ့်ရဲ့ အရည်အချင်းကို ဖော်ပြနိုင်ရမယ်” လို့ ဆိုဆုံးမရခဲ့ဖူးလို့ ပါခင်ဗျား လို့ ကျွန်တော် ဂုဏ်ယူစွာနှင့်ပဲ သူတို့ကို ပြောပြလိုက်ပါတယ်။ ကျွန်တော် ဘယ်အလုပ်မဆို ဂရုတစိုက် လုပ်တတ်လာလို့ထင်တယ် လူကြီးတွေက ယုံကြည်မှုကို ပိုရလာသလို ကျနော့်ကို တာဝန်တွေလည်း ပိုပေးလာတာ မကြာခဏ ကြုံရတတ်ပါတယ်ခင်ဗျာ။

မောင်ချစ်ကိုကို
B.A (Geo;)Reservation Manager
(Famous Hotel)

ကျနော် တက္ကသိုလ်ဝင် စာမေးပွဲကို အမှတ်ကောင်း ကောင်းနဲ့ အောင်မြင်ခဲ့ပါတယ်။ မိဘတွေ ငွေကြေးမတတ်နိုင်ပေ မယ့် အရဲစွန့်ပြီး အင်ဂျင်နီယာ ကျောင်းကို လျှောက်ခဲ့ပါတယ်။ အလုပ်တစ်ဖက်လုပ်ပြီး အင်ဂျင် နီယာတက္ကသိုလ် တက်မယ်လို့ အားတင်းခဲ့ပါသော်လည်း လက်တွေ့မှာ မဖြစ်နိုင်ခဲ့ပါဘူး။ ဒီလိုနဲ့ပဲ တက္ကသိုလ်မတက်ရဘဲ (၂)နှစ် နားလိုက်ရပါ တယ်။ ကျနော်အားလျှော့ပြီး အဝေးသင်ပြောင်း လျှောက်ဖို့ ဆုံးဖြတ်တဲ့နေ့ မနက်မှာပဲ ကျနော့်ဆရာမ ဒေါ်နွယ်နီက ခေါ်ပြီး

“နင့်ကို ကျောင်းထားပေးမယ့်သူတွေ့ပြီ” လို့ ပြော တာကိုကြားလိုက်ရတော့ ပျော်လွန်းလို့ မျက်ရည်တောင် ဝဲမိပါတယ်။ ကျနော် ဒီလိုနဲ့ပဲ ရန်ကင်းတောရကို ရောက် ခဲ့ပြီး ကပ္ပိယဖြစ်လာပါတယ်ခင်ဗျာ။

ကျနော့်ကို ကပ္ပိယကျောင်းသားအဖြစ် ဆရာ တော်တို့က လက်ခံပြီမို့ ကပ္ပိယများနေထိုင်ရာ သရက်ပင် ကျောင်းရှေ့ရောက်တော့ ကပ္ပိယတစ်ယောက်က ကျနော့်ကို ဝမ်းမြောက်ဝမ်းသာ လာပြီး နှုတ်ဆက် ပါတယ်။ သူနှုတ်ဆက်ပုံကို ယခုထိ မမေ့ပါဘူး။

“ညီလေး မင်းကဒီမှာ ကပ္ပိယလုပ်ရင်း ကျောင်းတက်မှာလား” တဲ့ “အေးဟုတ်တယ်” လို့ ဖြေလိုက်တယ်။ သူက ဆက်ပြီး “မင်းက ဘယ်နှစ်တန်းတက်မှာလဲ၊ ငါက ရှစ်တန်းတက်ရ မှာကွ” လို့ပြောတယ်။ ကျနော်က “ဆယ်တန်းအောင် ပြီးပြီ၊ ကျနော် အင်ဂျင်နီယာ တက္ကသိုလ်တက်ဖို့ ဘုန်းကြီး ကျောင်းကိုလာတာ” လို့ ပြောလိုက်တဲ့အခါမှာ သူမျက်လုံး ပြူးနေရှာတယ်။ နောက်မှသိရတာက ခရီးဦးကြိုဆို နှုတ်ဆက်တဲ့ ကပ္ပိယက ညီလေးအောင်ပုဖြစ်ပါတယ်။

မနက်အစောကြီး ဦးဇင်းများနောက်မှ ချိုင့်ဆွဲပြီး ဆွမ်းခံလိုက်ရချိန်တိုင်းကတော့ အပျော်ရွှင်ဆုံးအချိန် တွေပါပဲ။ အမှားတစ်ခုခုလုပ်မိပြီဆိုရင် ဆရာတော်မှ တောင်ဝှေးနဲ့ အသာအယာ ခေါင်းခေါက်ပြီး “ဒီသတ္တဝါ ကတော့ကွာ” လို့ မိန့်တော်မူတာကို သတိရတိုင်း စိတ်ကြည်နူးမဆုံး ဖြစ်ရပါတယ်ခင်ဗျာ။

မောင်စိုးသူလွင် BE (Civil)
အင်ဂျင်နီယာ


ကျမ ရန်ကင်းတောရကို မရောက်ခင် အရမ်း စိတ် ကောက်တတ်ပါတယ်။ ပြ ဿနာတစ်ခု ဖြစ်လာရင် ရှောင်ထွက်တဲ့နည်းနှင့်ပဲ ဖြေ ရှင်းခဲ့မိပါတယ်။ ရန်ကင်း အဝန်းအဝိုင်းကို ရောက်တော့ လည်း ချက်ချင်းကြီး မပြောင်းလဲခဲ့ပါဘူး။ အချိန်အတော် ကြာအောင် ပြုပြင်ခဲ့ရပါတယ်။ တန်ဖိုးကြီးမားတဲ့ အဆုံးအမတွေရနေလို့ အခုအချိန်မှာ ကျမရဲ့စိတ်တွေကို ပြုပြင်တတ်လာပါပြီ။

အရမ်းကို ပြုံးဖို့ခဲယဉ်းတဲ့ ကျမအတွက် အခုတော့ အချိန်မရွေးပြုံးဖို့ ဝန်မလေးတော့ဘူး။ ပြုံးပြလိုက်တဲ့ အချိန်မှာ စိတ်ထဲမှာ ဘာစိတ်ဆင်းရဲမှုမှ မရှိသလို ခံစား ရတယ်။ ကျမရဲ့စိတ်ကို ပြုပြင်ဖို့အတွက် အပြုံးကနေ စခဲ့ရတာပါ။
ကျမ ရန်ကင်းကို ရောက်ရခြင်းသည်ပင်လျှင် ကျမရဲ့ ဘဝဖြောင့်ကြောင်း တစေ့တစောင်း ဖြစ်ပါတော့တယ်။ အကယ်၍သာ ရန်ကင်းကိုမရောက်ခဲ့ရင် ကျမရဲ့ဘ၀ မည်၍မည်မျှထိ ကောက်ကွေ့သွားမယ်ဆိုတာကို မှန်းဆ လို့တောင် မရပါဘူး။

မယဉ်မင်းခိုင် ၊ BE (EC)
Scaffolding Engineer CAD Operator

“သူတော်ကောင်းတွေ ဟာ ကိုယ်ပြုခဲ့တဲ့ ကျေးဇူး မြင့်မိုရ်လောက်ကို နှမ်းစေ့ လောက်သာ မြင်တော်မူကြ ပြီး သူယုတ်မာတွေဟာ ကိုယ်ပြုခဲ့တဲ့ နှမ်းစေ့လောက် ကျေးဇူးကို မြင့်မိုရ်တောင် လောက် ထင်ကြတယ်” လို့ ဆရာတော် ဆုံးမခဲ့ပါတယ်။ ဒီအဆုံးအမက တပည့် တော်မရဲ့စိတ်ကို ပြောင်းလဲကြီးပြောင်းလဲစေခဲ့ပါတယ်။

ကျမရန်ကင်းတောရကို မရောက်ခင်က တိတ် ဆိတ်အေးချမ်းတယ်ဆိုတဲ့ သတင်းကြားနေရလို့ အလွန် ရောက်ဖူးချင်ပါတယ်။ အမှန်တကယ် ကျောင်းရောက်တဲ့ အခါမှာတော့ ကျမကြားဖူး၊ တွေးဖူးထားတာထက် ပိုလွန်ပြီး မြင့်မြတ်တဲ့ သူတော်ကောင်းဝန်းကျင်တစ်ခု ဖြစ်နေပါတယ်။ ရန်ကင်းမှာ ဆရာဖြစ်သင်တန်းတက်ခွင့် ရလိုက်တယ်။ ဝေယျာဝစ္စတွေလုပ်ရင်း ကျောင်းမှာ ပျော်သွားခဲ့ပါတယ်။

ရန်ကင်းက အဆုံးအမတွေကို လိုက်နာမှတ်သားရင်း နှင့်ပဲ ကျမအလုပ်ခွင်ဝင်ခဲ့ပါတယ်၊ အလုပ်ခွင်ရောက်တော့ လူအမျိုးမျိုးစရိုက်အစုံစုံနဲ့ တွေ့ရပါတယ်။ အဲဒီအခါ ကျမရဲ့စိတ်က မဖြူစင်ချင်တော့ဘူး ဖြစ်လာတယ်။ ကြမ်းတမ်းလာတဲ့ ကျမရဲ့စိတ်ကို ပြန်ဆုံးမဖို့တော့ ကျောင်းနဲ့ အဆက်အသွယ်ပြတ်လို့ မဖြစ်တော့ဘူး။ အဆုံးအမတွေနဲ့ဝေးရင် ဘဝမှာ အမှားတွေများသွား လိမ့် မယ်လို့တွေးပြီး ကျောင်းနှင့် အဆက်အသွယ်မပြတ် အောင် နေထိုင်သွားနေပါတယ်။


မမျိုးမျိုး ၊ B.A (Eng)
မူလတန်းပြဆရာမ



ရန်ကင်းတောရမရောက်ခင် ကျမရဲ့ပုံစံက ကျွတ်ဆပ်ဆပ် မြောက်<က<က အချိုးမပြေတဲ့ ပုံစံပါ။ ဆရာတော်ဘုရားရဲ့ အဆုံးအမတွေကို ရပြီး နောက်ပိုင်း အဲ့ဒီအမူအရာ တွေ လျော့နည်းသွားတာကို ကိုယ်တိုင် သတိထားမိလာတယ်။
အရင်က ကျမအလုပ်လုပ်ရာမှာ လုပ်ငန်းပြီးသွား ဖို့လောက်ပဲ ခေါင်းထဲရှိတယ်။ ရန်ကင်းက အဆုံးအမ တွေ ရပြီးနောက်ပိုင်းတော့ ]]ဒါလေးကို ဘယ်လိုကောင်း အောင်လုပ်ရမလဲ}}ဆိုပြီး ရှုထောင့်အမျိုးမျိုးက ကြည့်ပြီး လုပ်တတ်လာပါတယ်။

ကျမအခု ပညာရေးဌာနမှာ တာဝန်ထမ်းဆောင် နေပါတယ်။ စာသင်ကျောင်းမှာလည်း ရန်ကင်းကနေ ရရှိခဲ့တဲ့ အဆုံးအမတွေဟာ ကျမအတွက်သာမကဘဲ ကလေးတွေအတွက်ပါ သက်ရောက်မှုရှိနေပြီ။ သူတို့ လေးတွေပါ ရန်ကင်းဆရာတော်ရဲ့ သြဝါဒအတိုင်း တဖြည်းဖြည်း နေတတ်လာတာကို ဝမ်းမြောက်ဖွယ် တွေ့လာရပါတယ်။ ကျေးဇူးတင်ပါတယ်။

မဖြူဖြူမြင့် ၊ B.A (Eng)
မူလတန်းပြဆရာမ


ကျနော်ကတော့ ကပ္ပိယ ဖြစ်ချင်လို့ ရန်ကင်းတောရကို ရောက်လာတာ မဟုတ်ပါဘူး ခင်ဗျား။ ဆယ်တန်းအောင်ပြီး တက္ကသိုလ်ဆက်တက်ဖို့ အခက်အခဲဖြစ်နေချိန်မှာ ဆရာမ ဒေါ်နွယ်နီအောင် ပို့ ပေးလို့ ရောက်ခဲ့ပြီး ကပ္ပိယ ကျောင်းသားတစ်ယောက် ဖြစ်လာခဲ့ပါတယ်။

ကျနော် အရမ်းကံကောင်းပါတယ် ဒီလိုနေရာ မျိုးကို ရောက်ရတာ အပြင်မှာမရနိုင်တဲ့ ဆိုဆုံးမသြဝါဒ တွေ ရခဲ့ပါတယ်။ ရန်ကင်းတောရဆိုတာ ကျနော်တို့ လူငယ်တွေအတွက် ကောင်းကျိုးမှန်သမျှ အားလုံးကို လုပ်ခွင့်ရတဲ့ ဘဏ်တိုက်ကြီးပါပဲ။ တက္ကသိုလ်ဆက်မတက် နိုင်လို့ ဒီလိုဘဝမျိုးရောက်အောင်ပို့ပေးခဲ့တဲ့ ကျနော့် အတိတ်ကံကိုလည်း တွေးမိတိုင်း ကျေးဇူးတင်မိပါတယ် ခင်ဗျား။


မောင်ဂျင်မီထွန်း ၊ BE (EP)
အင်ဂျင်နီယာ



ရန်ကင်းတောရဆရာတော် ကပ္ပိယဘဝကို ကျနော် ဂုဏ် ယူပါတယ်။ တစ်နေ့ပြီး တစ် နေ့ သာသနာ့ဝေယျာဝစ္စ တွေ လုပ်နေခဲ့ဖူးတာကို လည်း ဒီနေ့အထိ ကျနော် အရမ်းကို ကျေနပ်ပါတယ်။ ဘုန်းကြီးဝေယျာဝစ္စ လုပ်တယ်ဆိုတာ ကျနော်တို့ အိမ်အလုပ် လုပ်တာလိုပဲ အရင်တွေးထားမိတာ ကပ္ပိယဖြစ်ခွင့်ရတော့မှ ကျနော် တွေးတာ လွဲနေမှန်း သိလာပါတယ်ခင်ဗျား။

ရန်ကင်းတောရမှာ ကျနော့်တာဝန်က နံနက် ထပြီး အရုဏ်တက်ချိန်ကို နာရီမှန်ကန်အောင်ကြည့်ပြီး ဆရာတော့်ကျောင်းခေါင်းရင်းက တုံးမောင်းခေါက်ရပါတယ်။ ကျနော်က အချိန်မှန်လိုက် မမှန်လိုက် ဖြစ်နေမိတယ်။ ဒါနဲ့ ဆရာတော်က ]ငါ့သား.. ဘုန်းဘုန်းတို့က ဒီတာဝန် ကို မင်းလုပ်နိုင်မယ်ထင်လို့ ပေးတာ၊ ယုံကြည်လို့ တာဝန် ပေးတာနော်}လို့ နှစ်ကြိမ် မိန့်တော်မူတယ်။ ကျနော်လည်း နောက်ပိုင်း အိပ်ယာထ နောက်မကျရဲတော့ပါဘူး။

ကျနော် ရန်ကင်းဆရာတော်အနားမှာ ကြည်နူး ရတာတစ်ခုက အလုပ်ခုခုလုပ်တာ ပုံစံမကျရင်၊ မသပ် ရပ်ရင်၊ မှားယွင်းရင် ဆုံးမသြဝါဒပေးပြီး တောင်ဝှေး လေးနဲ့ သာသာလေးခေါင်းခေါက်ပြီး ဆုချလေ့ရှိပါတယ်။ အခုလို ဆရာတပည့်ရဲ့ ချစ်စရာကောင်းတဲ့ ဆက်ဆံရေး ကို ကျနော့်စိတ်ထဲစွဲပြီး တွေးမိတိုင်း ဒီနေ့အထိ အရမ်း ကြည်နူးရပါတယ် ခင်ဗျား။
ဆရာတော် အလုပ်တစ်ခုခုလုပ်နေရင် ကျနော်က အနားကနေ ကူညီပေးနိုင်ဖို့ အမြဲ ကြိုးစားတယ်။ ဆရာတော်က

“ငါ့သား.. အောင်ဟိန်း ဒီပညာတွေ တတ် ထားရင် ဘဝမှာ ဘယ်တော့မှ ထမင်းမငတ်ဘူး၊ ရန်ကင်း တောရက တရားအားထုတ်နည်းသာ သင်ပေးတာ မဟုတ်ဘူးနော်၊ ဘဝမှာ ထမင်းမငတ်တဲ့ ပညာတွေ ကိုလည်း သင်ပေးနေတယ်”လို့ မေတ္တာကြီးမားစွာ တပည့် ကို မိန့်ခဲ့ဖူးတာ သတိရနေပါသေးတယ်။ အခွင့်သာရင် သာသလို ကျနော်က ဆရာတော်ရဲ့ မနီးမဝေးမှာနေပြီး ဆရာတော့် အဆုံးအမစကားကို နားထောင်ရတာလည်း ကျနော့်ဘဝမှာ အမှတ်ရစရာ ဖြစ်ပါတယ်ခင်ဗျား။

ဒီနေ့ကာလမှာ သူများတွေ အရမ်း ဗညထငနအပ ဖြစ်နေချိန်မှာ ကျနော်တို့ရင်ထဲကို အဲဒီအပူမကူးစက် အောင် နေတတ်လာတာ၊ ကိစ္စအကြီးကြီးတွေကအစ အများနဲ့မတူအောင် တွေးခေါ်တတ်လာတာတွေက ရန်ကင်းတောရမှာ ကပ္ပိယအဖြစ်နေစဉ်က ရခဲ့တဲ့အဆုံး မသြဝါဒတွေပါ။ ဒီကနေ့ ကျနော်တို့ရဲ့ဘဝမှာ အများကြီး အသုံးတည့်နေပါတယ်။ ကျနော်တို့ရဲ့ဆရာ ဦးဇင်းရန်ကုန် အနားမှာနေရတာ ကျနော်တို့ လူငယ်တွေအတွက် အတု ယူစရာ အများကြီးရပါတယ်။ ကျနော် စာဖတ်တဲ့ အလေ့ အကျင့်ကောင်းကို ဦးဇင်းရန်ကုန်ဆီက ရလာတာပါ။ ရန်ကင်းနဲ့ဝေးနေသော်လည်း ဒီနေ့အချိန်ထိ ကျနော် စာဖတ်အလေ့အကျင့်ကောင်း စွဲမြဲနေပါတယ်ခင်ဗျား။

မောင်အောင်ဟိန်း၊ B.A (History)
Banking Department

ကျနော်က ပတ်ဝန်းကျင်ဆိုး ထဲကနေကျောင်းကို ရောက်လာခဲ့ပြီး၊ ရန်ကင်းမှာ ကျောင်းသားပေါင်း စုံ၊ ဝါသနာစရိုက် ပေါင်းစုံ စုဝေးနေပေမယ့် ဆရာတော်တို့က ကျောသား၊ ရင်သား မခွဲခြားပဲ ဆက်ဆံခြင်းခံခဲ့ရတာကို ဒီကနေ့ အထိ ကြည်နူးမဆုံး ဖြစ်ရပါတယ်။

ဆရာတော်ဘုရားနဲ့ ရန်ကုန်ဦးဇင်းတို့ ထံပါး ကနေ ပြဿနာတစ်ခုကို ရှုထောင့်အမျိုးမျိုးဘက်က စဉ်းစားတွေးခေါ်တဲ့ အလေ့အကျင့်ကောင်းကို ကျနော် ရရှိထားလို့ အမြဲအသုံးဝင်ပါတယ်။ ပစ္စည်းတစ်ခုကို ရိုရိုသေသေ သုံးစွဲတာတွေ ခြိုးခြံရောင့်ရဲနိုင်တာတွေ အလုပ်ကို မခိုမကပ်ဘဲ လုပ်တဲ့အကျင့်ကောင်းများကို လည်း ရန်ကင်းကပ္ပိယဘဝကနေ အတုယူ လေ့ကျင့်ရခဲ့ တာပါခင်ဗျား။

သခင်စိတ်နဲ့ ကျွန်စိတ်ကို ခွဲခြားတတ်လာပါ တယ်။ ]အလုပ်လုပ်တဲ့အခါ ကိုယ်က ခိုကပ်နေမယ်၊ ခိုးနေမယ်ဆို မင်းသူဌေး ဖြစ်လာရင် ခိုကပ်ပြီး ခိုးတတ်တဲ့ ဝန်ထမ်းနဲ့ပဲ တွေ့လိမ့်မယ်}ဆိုတဲ့ သြဝါဒစကား အမြဲ ကြားယောင် နေမိပါတယ်။

ဆရာတော်ဖွင့်တဲ့ သင်တန်းတွေမှာ ပါဝင်ပြီး ဝေယျာဝစ္စ လုပ်ခွင့်ရတဲ့အခါမှာလည်း အသိပညာ အတတ်ပညာတွေ များစွာ ရရှိခဲ့ရပါတယ်။ နောက်ပြီး ဆရာတော်က ကျောင်းသားဆိုရင် ကျောင်းထားပေးတာ တွေ၊ တက္ကသိုလ်ကျောင်းသားဆို တက္ကသိုလ်ထားပေး တာတွေ၊ လက်မှုပညာ သင်ပေးတာတွေ၊ အသိပညာ တွေနဲ့ အတတ်ပညာတွေ၊ ကားမောင်းအတတ်ပညာ သင်ပေးတာတွေ၊ စိတ်ကောင်းထားတတ်အောင် သင်ပေးတာတွေ၊ စဉ်းစားတွေးခေါ်နိုင်စွမ်း မြင့်မား အောင် သင်ပေးတာတွေ၊ လုပ်ငန်းခွင်ထဲ အလုပ်သွင်းပေး တာတွေ စတဲ့ အရာအားလုံးက ကပ္ပိယတစ်ယောက် ဖြစ်လိုက်တာနဲ့ ရရှိတဲ့ အကျိုးကျေးဇူးတွေက များလှ ပါတယ်။

ကပ္ပိယသူငယ်ချင်း ကိုဇင်သူအောင် အမြဲပြော တတ်တဲ့ စကားတစ်ခုရှိတယ် ]ဘာပဲလုပ်လုပ် သူများ ထက် နှာတစ်ဖျား သာအောင်လုပ်လို့ ဆရာတော်မှာ ထားတယ်} ဆိုတဲ့ စကားပါပဲ။ နောင်လာမယ့် ကပ္ပိယ မျိုးဆက်သစ်များကို ပြောချင်တာလေးကတော့ ]ဘယ်မှာ မှ မရနိုင်တဲ့ အသိပညာ ဗဟုသုတတွေ ကျနော်တို့ ရန်ကင်းတောရဆရာတော်နဲ့ ဦးဇင်းရန်ကုန်ဆီက ယူကြပါ၊ ဘဝမှာသုံးလို့ မကုန်ဘူး}လို့ ပြောပြချင်ပါ တယ်ခင်ဗျာ။

မောင်ပြည့်ဖြိုးမြတ် ၊ 2nd (Eco)
အရောင်းကြီးကြပ်
ရတနာပုံသောက်ရေသန့်


ကျနော် ကပ္ပိယ ဘဝကနေ တစ်ဆင့်တက်ပြီး သြင်္ကန်တွင်းမှာ ရဟန်းဝတ်ဖြစ်ခဲ့ပါတယ်။ မနက်ခင်း ဆွမ်းခံထွက်ရပါတယ်။ အဝေးဆုံးလမ်းကြောင်း ဖြစ်တဲ့ နောင်ဘိုရွာကို သွားရပါတယ်။ သြင်္ကန် မဏ္ဍပ်တွေ ရှေ့ကနေ <ကရတာပါ။ အသွား လမ်းမှာ မဏ္ဍပ်မှာဖွင့် ထားတဲ့ သီချင်းတွေကို ရင်ထဲ မရောက်အောင် သတိ ပဋ္ဌာန်ဘာဝနာနဲ့ ထိန်းသိမ်းပြီး မဏ္ဍပ်ကိုလည်း မကြည့်မိအောင် ဣန္ဒြေကို တော်တော် ထိန်းယူခဲ့ရတယ်။ အဆင်ပြေသွားပါတယ်။ အပြန်မှာ တော့ ပြဿနာစပါပြီ၊ သင်္ကန်းလက်ကတော့က စပြေကျလာတယ်။ သပိတ် ကလဲ ဆွမ်းအပြည့်ဆိုတော့ လေးလိုက်တာ ပုခုံးနာနေပြီ၊၊ လမ်းက လျှောက်နေကျ အကျင့်မရှိတော့ ညောင်းနေပြီ၊ ဒီကြားထဲ ဘိနပ်က မစီးရတော့ ကျောက်စရစ် ခဲလေး တွေက စူးတာ တော်တော့ကို ကြိမ်းနေပြီ၊ နေကလဲ ပြူလာပြီမို့ ချွေးတွေကထွက် ကျောင်းကို အမြန်ပြန်ရောက် ချင်စိတ်ပဲ ရှိတော့တယ်။ ဆရာတော်သင်ပေးထားတဲ့ အသိတွေ၊ သတိတွေ ကမ္မဋ္ဌာန်းတွေ ဘယ်စီရောက်ကုန်မှန်း မသိတော့ဘူး။ မနေ့က တစ်နပ်ထဲပဲ ဘုဉ်းပေးထားတဲ့ ဆွမ်းကလည်း ဘယ်စီရောက်ကုန်မှန်းမသိ၊ မနေ့ညနေက သောက်ထားတဲ့ ဖျော်ရည်တစ်ခွက်ကလည်း ဘယ်ဆီ ရောက်မှန်းမသိ တော်တော်ကြီးကို ခက်ကုန်ပြီ။ ဗိုက်က တဂွီဂွီ အသံပေးလာပြီ။

ဓူတင်တွေလဲ ဆောင်လို့ရသလောက်တော့ ဆောင်ကြည့်တယ်၊ တကယ့်ကိုကို မလွယ်တာပါခင်ဗျား၊ ရဟန်းဘဝရဲ့ ဒီတစ်ရက် အတွေ့အကြုံနဲ့တင် ကျနော် ဆရာတော်တို့ကို တအားကြည်ညိုသွားတယ်။ ရက်သတ္တ တစ်ပတ်ကာလ ဒုလ’ဘရဟန်းဘဝကို တော်တော် ခက်ခက်ခဲခဲကြီးကို ဖြတ်ကျော်လိုက်ရပါတယ် ခင်ဗျား။

ရန်ကင်းကရလိုက်တဲ့ “ကိုယ့်ရဲ့ စိတ်ဓာတ်နဲ့ လုပ်ရပ်က အကောင်းဆုံးစိတ်ထားနဲ့ အကောင်းဆုံး အရည်အချင်းတွေကို ဖော်ပြနေရမယ်” ဆိုတဲ့ သြဝါဒ ဆောင်ပုဒ်လေးကတော့ ရင်ထဲအသည်းထဲမှာ စွဲနေ ပါတယ်။ ဘယ်အလုပ်အကိုင်ရောက်ရောက်၊ ဘယ်အဖွဲ့ အစည်းထဲရောက်ရောက် ကျနော်က မခိုမကပ်ဘဲ အကောင်းဆုံး လုပ်ပေးတတ်တဲ့ အကျင့်လေးရှိအောင် အမြဲကြိုးစားလျက်ပါ။ နောက်တစ်ခုက “ယုံကြည်မှု ပျက်အောင် မလုပ်နဲ့တဲ့ ယုံကြည်မှုပျက်သွားရင် ပြန်တည် ဆောက်ဖို့ မလွယ်ဘူ” ဆိုတဲ့ အဆုံးအမကိုလည်း အမြဲ အမှတ်ရနေပါတယ်။ ဒီအဆုံးအမ နှစ်ခုနဲ့ကို ကျနော့်ဘ၀ အဆင်ပြေပြေ နေတတ်ထိုင်တတ် နေပါတယ်ခင်ဗျား။

ကပ္ပိယမျိုးဆက်သစ်များကို ပြောပြချင်တာ ကတော့ ကျောင်းမှာ မီးချောင်း၊ မီးလုံး တပ်ဆင်ခိုင်းတာမှ အစ၊ ပေါင်းနှုတ်၊ မြက်ရှင်း၊ ပလပ်စတစ်အမှိုက် ကောက်တာတွေအဆုံး စိတ်ထားကောင်းနဲ့လုပ်ပါ။ ကျောင်းမှာနေခွင့်ရသခိုက် ဆရာတော်တို့၊ ဦးဇင်းတို့၊ ဆီက ယူလို့ရသမျှ အဆုံးအမတွေကို အကုန်ယူထားပါ။ အဲဒါတွေက အပြင်မှာ အရမ်းကို အသုံးဝင်တာ တစ်နေ့ တွေ့ရပါ လိမ့်မယ်ခင်ဗျား။

မောင်နန်းထက်လှိုင် ၊ BE (EC)
Marketing Engineer

ကျနော့်ဘဝမှာ “ကိုယ့်ရဲ့လုပ်ရပ်က အကောင်း ဆုံးစိတ်ထားနဲ့ အကောင်းဆုံးအရည်အချင်းကို ဖော်ပြ နေတာဖြစ်ရမယ်” ဆိုတဲ့ ဒီအဆုံးအမ ရပြီးကတည်းက ဘယ်အလုပ်ပဲ လုပ်လုပ် ပြီးစလွယ်လုပ်တာ မရှိ တော့ပါဘူး။ အကယ်၍ ပြီးစလွယ် လုပ်မိရင် လည်း စိတ်ထဲကနေ ကိုယ့်ကိုကိုယ်သိနေပြီး ရှက်နေမိပါတယ်။

“ငါ့သားယုံကြည်မှုတစ်ခုကိုရဖို့ အတော်ကြီးကို ကြိုးစားရတယ်။ ယုံကြည်မှုပျက်သွားရင် ပြန်တည် ဆောက်ဖို့တော့ တော်တော်ခက်တယ်နော်” ဆိုတဲ့ ဆရာတော်ရဲ့အဆုံးအမ ရပြီးကတည်းက ကျွန်တော့် အပေါ် ယုံကြည်နေတဲ့ ဆရာသမားတွေ၊ သူငယ်ချင်း တွေကို ပိုလို့ အလေးဂရုပြုဆက်ဆံလာပါတယ်။

ကျွန်တော် ရန်ကင်းတောရကို စတင်ရောက်ရှိချိန် ကနေ ယခုချိန်ထိ အဆုံးအမတွေကြောင့် များစွာပြောင်း လဲလာခဲ့ပါတယ်။ စိတ်ထားရင့်ကျက်လာသလို ကိုယ်ကျင့် သိက္ခာကို မြတ်နိုးတတ်လာပါတယ်။ ကျနော့်ပတ်ဝန်းကျင် က သက်တူရွယ်တူလူငယ်တွေထက် ဘဝကို လေးလေး နက်နက် နေတတ်လာပါတယ်။ တစ်နေ့တစ်နေ့ grow old မဖြစ်ဘဲ grow up ဖြစ်အောင် ကြိုးစားနေပါတယ်။

လုပ်ငန်းခွင်ထဲ ရောက်တဲ့အခါမှာ ရန်ကင်းကရတဲ့ အဆုံးအမ လေ့ကျင့်သင်ကြားမှုတို့ကြောင့် အများနှင့် မတူဘဲ အလုပ်ကို စနစ်တကျလုပ်တတ်လာပါတယ်။ အလုပ်အပေါ်တန်ဖိုးလဲ ထားတတ်လာပါတယ်။ အရက် သေစာ မသောက်စားတတ်တာကြောင့်လည်း အများရဲ့ လေးစားမှုကို ရရှိရပါတယ်ခင်ဗျာ။


မောင်ကျော်ဇင်ဟိန်း၊ (L.LB)
HR officer


¸¸¸¸¸

Loading